« »

ရန်ကုန်၌ အရွယ်မရောက် ကလေးငယ်များကို စွန့်ပစ်


     ရန်ကုန်မြို့တော်၏ လူစည်ကားရာဒေသများဖြစ်သည့် ဘုရား၊ အဝေးပြေးကာဂိတ်နှင့် ဆေးရုံများ၌ အရွယ်မရောက်ကလေးငယ်များကို စွန့်ပစ်သူများပြားလာလျှက်ရှိကြောင်း ရန်ကုန်ဒေသခံအချို့က The Voice Weekly သို့ ဆက်သွယ်ပြောကြားသည်။

     တစ်ရက်လျှင် လူခြောင်သောင်းကျော် ဝင်ထွက်သွားလာနေသည့် ရန်ကုန်မြို့၏ အကြီးဆုံး အဝေးပြေးစခန်းဖြစ်သော အောင်မင်္ဂလာ၌ မေလ ၂၈ရက်နေ့က သုံးနှစ်အရွယ် ကလေးငယ်တစ်ဦးကို စွန့်ပစ်ထားခဲ့ကြောင်း အောင်မင်္ဂလာ အဝေးပြေးစခန်းမှ ယာဉ်လိုင်းတာဝန်ခံအချို့က ပြောကြားသည်။

     မေလအတွင်းကလည်း ရွှေတိဂုံစေတီတော်၌ သုံးနှစ်အရွယ်ကလေးငယ်တစ်ဦးကို စွန့်ပစ်ခဲ့ပြီး ဂေါပကအဖွဲ့က ရွှေဂုံတိုင် လူမှုဝန်ထမ်းကယ်ဆယ်ရေးမှတစ်ဆင့် ထောက်ကြန့်မိဘမဲ့ဂေဟာသို့ ဆက်သွယ်ပို့ဆောင်ပေးခဲ့ကြောင်း ဂေါပကအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

     ပြည်သူ့ဆေးရုံအချို့၌လည်း မွေးကင်းစကလေးငယ်များကို စွန့်ပစ်မှုများ ယခုရက်ပိုင်းအတွင်း များပြားလာနေကြောင်းနှင့် ဒဂုံမြို့သစ်ဆေးရုံ၌ မွေးကင်းစ ကလေးငယ်နှစ်ဦးကိုလည်း ပြီးခဲ့သည့်ရက် ပိုင်းအတွင်းက မွေးဖွားပြီး စွန့်ပစ်သွားခဲ့ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ပြောကြားသည်။

     မြန်မာနိုင်ငံသည် ငါးနှစ်အောက်အရွယ် ကလေးငယ် ၁၀ဦးလျှင် တစ်ဦးနှုန်းသေဆုံးနေသော နိုင်ငံဖြစ်ပြီး အစိုးရက ဦးဆောင်၍ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိသည်။

Source : The Voice Weekly

Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။