« »

နေရောင်ခြည်သုံး နိုင်ငံတကာ လေယာဉ်ပျံ အောင်မြင်စွာ ပျံသန်း၊ အဆင့်မြင့်နည်းပညာ ဈေးခုန်တက်


     မေလ ၁၃ရက်နေ့က နေရောင်ခြည်သုံး ဆိုလာလေယာဉ်ပျံဖြင့် ဆွစ်ဇာလန်နိုင်ငံမှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့တော်သို့ (၁၃)နာရီကြာ ပျံသန်းပြခဲ့ရာ လောင်စာဆီ လုံးဝ အသုံးပြုခဲ့ခြင်း မရှိဟု သိရသည်။

     လေထုညစ်ညမ်းခြင်း ကင်းသည့် ၎င်းဆိုလာသုံးလေယာဉ် အစမ်းပျံသန်းခြင်း တွင် ကီလိုမီတာ ၄၈၀ (မိုင်၃၀၀) ခရီးကို ကို အမြင့်ပေပေါင်း (၁၁,၈၈၀) မှ ပျံသန်းခဲ့ကြောင်း လေယာဉ်မောင်းအဖွဲ့က ဆိုသည်။ အဆိုပါ ဆိုလာလေယာဉ်၏ အရွယ်အစားမှာ သာမန်လေယာဉ် အရွယ်အစားများကဲ့သို့ ဖြစ်သော်လည်း အလေးချိန်မှာ မိသားစုစီး ကားတစီးစာမျှသာ ရှိသည်ဟု ဆိုသည်။

     ဆိုလာသုံးလေယာဉ်သည် ၂၀၁၀ခုနှစ် ဂျူလိုင်လမှ စကာ ပထမဦးဆုံး လူမောင်း လေယာဉ်တစ်ခု ဖြစ်လာပြီး လောင်စာဆီအကူအညီ လုံးဝမလိုပဲ ၂၄နာရီကြာ လေထဲတွင် ပျံသန်းပြနိုင်ခဲ့သည်။

     အဆိုပါဆိုလာသုံး လေယာဉ်တွင် မြင်း ၁၀ကောင်အားတပ် မော်တာ(၄)လုံးပါဝင်ပြီး ၎င်းမော်တာများကို ပေ(၂၀၀) စီ ရှည်လျားသော အတောင်ပံနှစ်ဖက်တွင် ဆိုလာဆဲလ် ပေါင်း (၁၂၀၀၀) အသုံးပြု၍ အားဖြည့်ထားကြောင်း သိရသည်။ ၂၀၁၀ ခုနှစ် ဇူလိုင်လ စမ်းသပ်ချက်အရ ဤစံနစ်ဖြင့် အားဖြည့်ပြီး ညလုံးပေါက် လေယာဉ်ဆီ အကူအညီမပါပဲ ကောင်းမွန်စွာ မောင်းနိုင်သည်ဟု သိရသည်။ ဤနည်းပညာကို ဖန်တီးသောအဖွဲ့က လက်ရှိတွင် မြန်မြန်သွားနိုင်ရေးကို အဓိကမထားပဲ ပါတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးကို ရှေးရှုပြီး လေယာဉ်ပျံသန်းနိုင်ရေးကိုသာ အာရုံစိုက်လျှက် ရှိသည်။

     Solar Impulse HB-SIA ဟု အမည်ပေးထားသော အဆိုပါ နေရောင်ချည်သုံး လေယာဉ်ပျံကို ဘရပ်ဆဲလ်လေဆိပ်တွင် မေလ ၂၉ရက်နေ့အထိ ပြသထားမည်ဟု သိရသည်။ နောက်ထပ် ပျံသန်းမှုကို ဇွန်လ (၂၀)ရက်မှ (၂၆)ရက်အထိ ”လက်ဘူးဂါ့” လေဆိပ်တွင် ပြသမည့် နိုင်ငံတကာပဲရစ်လေဆိပ်ပြပွဲတွင် တွေ့ရမည်ဖြစ်သည်။

     သို့သော်လည်း ဆိုလာသုံးလေယာဉ်များကို ပိုမိုရှည်လျှားသော ခရီးများ ကို ပျံသန်းနိုင်ရေးအတွက် အနည်းဆုံး နောက်ထပ် ၂နှစ်ခန့် အချိန်ယူရဦးမည်ဟု သိရသည်။

Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။