« »

တိုင်းရင်သား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အစိုးရစစ်တပ် သတင်းများ


အောက်ပါ "မာတိကာ" မှ ရွေးချယ်ဖတ်ရှုနိုင်ပါသည်...
စာမျက်နှာပြင်ဆင်ချက် - မာတိကာသို့ အလွယ်တကူ ပြန်ကြည့်နိုင်ရန် ဘယ်ဘက်အောက်ခြေသို့ ပြောင်းရွှေ့ ထားပါသည်။

၅၃။ KIO အပေါ် စစ်ရေးအသာစီးနဲ့ ဆွေးနွေးဖို့ မြန်မာစစ်တပ် ကြိုးပမ်းနေ
၅၂။ နမ့်ခမ်းမြို့ ပြည်သူ့စစ် ၃ ဦး တိုက်ခိုက်ခံရ၍ သေဆုံး
၅၁။ KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း
၅၀။ ကချင်ဌာနချုပ် လိုင်ဇာကို တရုတ်ဘက်ကနေ ဝင်တိုက်မည်
၄၉။ လူထုသုံးရန် သျှမ်းတပ်ဆောက်ထားသည့် ကျပ်သိန်းထောင်ကျော်တံတား အစိုးရတပ်မီးရှို့
၄၈။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရတပ်မှ စစ်သား ၂ ဦး ကရင်နီတပ်နှင့် ပူးပေါင်း
၄၇။ လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား
၄၆။ မြန်မာ စစ်သားတဦးမှ ဖွင့်ဟခြင်း
၄၅။ သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့၌ ၁ ရက် အတွင်း ဗုံး ၈ လုံးထက်မနဲ ပေါက်ကွဲ
၄၄။ မြန်မာပြည်မြောက်ပိုင်း အကြမ်းဖက်မှု အမေရိကန် စိုးရိမ်
၄၃။ က​လေး​စစ်သား​ကို ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို
၄၂။ တိုက်ပွဲများ​ကြောင့်​ နယ်စပ်ကုန်သွယ်​ရေး ကျဆင်း
၄၁။ ကချင်ပြည်နယ် မန်ဂျေတိုက်ပွဲမှာ မြန်မာစစ်သား ၃ ဦးကျ
၄၀။ မလေးရှားရောက် ကချင်တိုင်းရင်းသားများ ငြိမ်းချမ်းစွာဆန္ဒပြ
၃၉။ SSA ဌာနချုပ်အနီး ရှေ့တန်းစခန်းတခု လက်လွှတ်ရ
၃၈။ ရှမ်းပြည်တိုက်ပွဲသတင်းတို
၃၇။ မြန်မာစစ်တပ်နှင့်ကေအိုင်အို ဆန်ဂါဒေသအတွင်း တိုက်ပွဲဖြစ်
၃၆။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား
၃၅။ ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား
၃၄။ ရှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ
၃၃။ ဆွမ်ပရာဘွမ်လမ်းဗုံးခွဲမှု မြန်မာအစိုးရတပ် ၁ ဦးကျ ၅ ဦးဒဏ်ရာရ
၃၂။ လိုင်ဇာဒုက္ခသည်စခန်းမှ ကျောင်းသားများ စာသင်ရန် အခက်အခဲရှိနေ
၃၁။ ပူတာအိုခရိုင်တွင် မြန်မာတပ်နှင့် KIA တိုက်ပွဲစတင်လာ
၃၀။ မြစ်ကြီးနား နန်းကွေ့ သံလမ်းတံတား KIA ဖျက်ဆီး
၂၉။ ကချင်မြို့တော် မြစ်ကြီးနားမြို့ပေါ် ဗုံးများ ဆက်တိုက်ပေါက်ကွဲ
၂၈။ ကချင်အမျိုး​သမီး​ ၁၈ ဦး​ အဓမ္မပြုကျင့်​ခံရ
၂၇။ လဝါယန် ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ချထား ခံရ
၂၆။ နမ်ဆာပါ တံတားတွင် မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား
၂၅။ မြစ်ကြီးနား-နမ္မတီး ရထားလမ်း လုံခြုံရေး ပြည်သူများအားအလှည့်ကျ တာဝန်ပေး
၂၄။ ဒီမိုကရေစီသမ္မတကြီးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ
၂၃။ ရွှေဘိုမြို့နယ်တွင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ စုစုပေါင်း ၉ဦးသေဆုံး
၂၂။ ကချင်ပြည်နယ် ရွှေဘိုမြို့နယ် မြို့လှရဲစခန်းတွင်းသို့ KIA မှ ဝင်ရောက် ပစ်ခတ်
၂၁။ မြန်မာစစ်တပ် မှားပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး
၂၀။ ကချင်ခေါင်းဆောင် အကျယ်ချုပ်သတင်း မမှန်ဟု NDA-K ငြင်းဆို
၁၉။ သျှမ်းပြည် (မြောက်ပိုင်း) ကချင်တပ်မဟာ ၄ ထိန်းချုပ်ဒေသ လယ်နှင့်တောင်ယာ မလုပ်နိုင်
၁၈။ ဗန်မော်မြို့တွင် ညမထွက်ရ အမိန့်ထုတ်
၁၇။ ကချင် စတင်ပစ်ခတ်ဟု အစိုးရထုတ်ပြန်ချက် KIA ငြင်းဆို
၁၆။ KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ
၁၅။ KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာဝေဖန်
၁၄။ ထောင်သားများကို အရေးပေါ် ခေါ်ထုတ်
၁၃။ အစိုးရက အပစ်ရပ်ရန် ကမ်းလှမ်း၊ တိုက်ပွဲဆက်ဖြစ်
၁၂။ အပစ်ရပ်ရန် ကေအိုင်အိုကို ကမ်းလှမ်း
၁၁။ ကုလသမဂ္ဂကကြားဝင် ဖြန်ဖြေပေးဖို့ ကချင်အဖွဲ့အစည်းတောင်းဆို
၁၀။ စစ်ဗိုလ်ကို KIA ဖမ်း၊ ကချင်အရေးဘယ်လိုရှင်းမလဲ
၉။ KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို
၈။ KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်
၇။ စစ်ပြေးဒုက္ခသည်တချို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ
၆။ ကချင်ပြည်နယ် အနောက်ဘက် တံတား ၆စင်း KIA ဖျက်ဆီး
၅။ တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ
၎။ မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလှမ်းချက် ထုတ်ပြန်
၃။ ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းမကြား တံတားတခု KIA ဖျက်ဆီး
၂။ NDA-K ခေါင်းဆောင်ဟောင်းများအား နေအိမ်အကျယ်ချုပ်ချ
၁။ ပြည်ပရောက် ကချင်အမျိုးသားများ၏ ကြေညာချက်


၅၃။ KIO အပေါ် စစ်ရေးအသာစီးနဲ့ ဆွေးနွေးဖို့ မြန်မာစစ်တပ် ကြိုးပမ်းနေ

      ကချင်လွတ်လပ်ရေးအဖွဲ့(KIO)နှင့်မြန်မာစစ်တပ် တို့၏ နှစ်ဘက်နောက်ဆုံးစစ်ရေးအခြေအနေနှင့် KIO ကို ထိုးစစ်ဆင်ရန် မြန်မာစစ်တပ်အားတရုတ် နယ်မြေအသုံးပြုခွင့်ပေးထားသည်ဆိုသည့်သတင်း ထွက်ပေါ် နေမှုအပေါ် ကေအိုင်အိုအဖွဲ့၏ အမြင် များကို ပြောခွင့်ရပုဂ္ဂိုလ်တွဲဘက်အထွေထွေ အတွင်းရေးမှူ ဦးလနန်မှ ဤသို့် ပြောသည်။

စစ်ဘေးဒုက္ခသည်များအား ကြည့်ရှုအားပေးနေသည့်ကချင်ခေါင်းဆောင်များ (ဓါတ်ပုံ - jinghpawkasa)


မေး - လက်ရှိ မြန်မာစစ်တပ်နဲ့ ကေအိုင်အိုတို့ရဲ့ နောက်ဆုံးအခြေအနေ ပြောပေးပါခင်ဗျ။

ဖြေ - အဲဒါကတော့ တင်းမာနေတယ်လို့ပဲပြောရမယ်၊ နေ့တိုင်းလိုလိုရှေ့တန်းမှာ တိုက်ပွဲငယ်လေး တွေကတော့ ရှိနေတယ်။ မနေ့ကပဲ ကာမိုင်း အထက်ဘက်မှာ တိုက်ပွဲ တစ်ခုဖြစ်သွားသေးတယ်။ အဲဒီတော့တင်းမာမှုအပိုင်း ကတော့ လျှော့သွား တာမရှိသေးဘူး၊ ထိပ်တိုက်မှုတွေရှိရင် ပစ်ခတ်မှုတွေရှိနေတာပဲ။

မေး - ဒီလ ၁၉ ရက်နေ့က ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးသိန်းဇော်ကတဆင့် ကေအိုင်အိုနဲ့ဆွေးနွေးဖို့ လူလွတ်လိုက် တယ်လို့ သိရတယ်ခင်ဗျ ။ အဲဒီနောက်ပိုင်း ထပ်ဆွေးနွေးတာများ ရှိသေးလား။

ဖြေ - ဦးသိန်းဇော်လွတ်လိုက်တဲ့ ပုဂ္ဂိုလ် ၄ ဦးလာတယ်၊ အဲဒီနောက်ပိုင်းတော့ သီးသန့် လာတွေ့ဆုံတာအခု ထက်ထိ မရှိ သေးဘူး။

မေး - အခု စစ်ပြေး ဒုက္ခသည် အရေအတွက် တိုးလာသလား ၊ လျှော့သွားသလားခင်ဗျ။

ဖြေ - ဒုက္ခသည်တွေက နေ့တိုင်းနီးပါး ဆယ်ဂဏန်းလောက်တော့ တိုးလာနေပါတယ်။ တိုးလာတယ်ဆိုတဲ့ အပိုင်းမှာ ကျနှော်တို့ ကေအိုင်အိုကို ရောက်လာတာတိုးလာသလို မြို့ပေါ်ရောက်လာတာလည်း တိုးနေပါတယ်။ ကေအိုင်အိုဘက် ရောက်လာတဲ့ ဒုက္ခသည်တွေ ကိုတော့ ကော်မတီတစ်ရပ်ဖွဲ့စည်းထားပြီးတော့ဖြစ် နိုင်သလောက် စောင့်ရှောက်မှုတွေ လုပ်နေပါတယ်။

မေး - ဒုက္ခသည်အရေအတွက် ဘယ်လောက်ရှိသလဲခင်ဗျ။

ဖြေ - လိုင်ဇာမှာ ၆ ထောင်ကျော်လောက်ရှိမယ် ။ နယ်စပ်တစ်လျှောက်မှာရှိတဲ့ တပ်မဟာ ၂ ၊ ၃ ၊ ၄ ဧရိယာမှာ ရထားတဲ့ စာရင်းအရ ၁၇၀၀၀ လောက်ရှိပြီ ။

မေး - ဒုက္ခသည်တွေအတွက် တခြားဆီက အထောက်အပံ့တွေရသလားခင်ဗျ။

ဖြေ - အခုထက်ထိ နိုင်ငံတကာတို့ NGO တွေဆီကနေ အကူအညီတွေရောက်လာတာ မရှိသေးဘူး။ ဒါပေမဲ့ အိမ်နီးချင်း တရုတ်နိုင်ငံမှာ ကျနော်တို့ ကချင်တိုင်းရင်းသားတွေ အများကြီးနေကြတယ်။ ကချင်တိုင်းရင်းသား တွေကနေ ကိုယ်စား လှယ်တွေလွတ်ပြီး ကြည့်ရူ့အားပေးတာ ဒါမျိုးတွေတော့ လုပ်နေကြပြီ။ ယူနန်ပြည်နယ် မှာကျတော့ ကချင်တိုင်း ရင်းသားတွေလည်း အများကြီးရှိတယ် သျှမ်းတိုင်းရင်းသားတွေလည်း အများကြီးရှိ တယ် အဖွဲ့အစည်းအနေနဲ့ မဟုတ်ပါဘူး။ အစိုးရလည်းမဟုတ်ဘူး၊ ကြားသိရတဲ့သတင်းကြောင့် စိတ်မကောင်းလို့ လာတွေ့ဆုံတာမျိုးတော့ နေ့တိုင်းလိုလို ရှိနေ ပါတယ် ။

မေး - ဒီကနေ့ တရုတ်နဲ့ မြန်မာအာဏာပိုင်တွေ တွေ့ဆုံကြတယ်လို့ သိရပါတယ် ။ KIO နဲ့ ပတ်သက်တဲ့ ကိစ္စတွေရော ဆွေးနွေးနိုင်သလားခင်ဗျ။

ဖြေ - ဒါကတော့ သူတို့နှစ်နိုင်ငံကိစ္စဆွေးနွေးတာဖြစ်ပါလိမ့်မယ်။ နယ်စပ်ဒေသကိစ္စ ဆွေးနွေးတာတွေတော့ ရှိရင်ရှိလာ နိုင်တယ်၊ တရုတ်အစိုးရအမြဲပြောနေတာက နယ်စပ်ဒေသတည်ငြိမ်အောင်လုပ်ကြပါ၊ အဲဒီစကား ပဲပြန်ပြောပါလိမ့်မယ်၊ အဖျက်သဘောဆန်တဲ့ ပြောဆိုမှုမျိုးကိုတော့ တရုတ်အစိုးရကရှောင်မယ်လို့ထင်ပါတယ် ။

မေး - ခုတလော မီဒီယာတွေမှာ KIO ကို နောက်ကျောကနေ ထိုးစစ်ဆင်ဖို့ မြန်မာစစ်တပ်ကို တရုတ်ကသူ့နယ် မြေ အသုံးပြုခွင့်ပေးတယ်လို့ သတင်းထွက်လာတယ်ခင်ဗျ ။ ဒါနဲ့ပါတ်သက်လို့ဘယ်လိုမှတ်ချက်ပေးချင် ပါသလဲ။

ဖြေ - ကျနော်တို့လည်း အဲဒီသတင်းတွေကြားနေပါတယ်။ အမှန်တကယ် အဲလိုဖြစ်ဖို့ မလွယ်ဘူးလေ ။ တရုတ်နိုင်ငံက အင် အားကြီး နိုင်ငံတစ်ခုဖြစ်တဲ့အခါကျတော့ အဲလိုလုပ်မှာ မဟုတ်ဘူး ။ ဗမာစစ်သားတွေ ၀င်ဖို့ဆိုရင် လွယ်ပါတယ်။ နယ်စပ် တွေမှာ ပြည်ဝင်ခွင့်လက်မှတ် လုပ်လိုက်တာနဲ့ဝင်လို့ရပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကနေ အဲဒီလို ခွင့်ပြုလိမ့် မယ်လို့တော့ မထင်ဘူး သူတို့လုပ်လည်းလုပ်မှာ မဟုတ်ပါဘူး ။

မေး - မြန်မာစစ်တပ်က ကေအိုင်အိုကို ဘာဆက်လုပ်လာမယ်လို့ ပြောလို့ရလဲ ခင်ဗျ။

ဗမာတပ်အင်အားတွေ ငြိမ်နေတာတော့မဟုတ်ဘူး။ ဖြည့်တင်းနေတယ်ခင်ဗျ လုပ်တဲ့အခါမှာ ပြည်သူတွေ အမြင်မှာ ဘာမှ မဖြစ်သလိုမျိုး လုပ်ဆောင်နေပါတယ် ။ အောက်ပိုင်းကတပ်တွေပို့တဲ့အခါမှာ အရပ်ဝတ်နဲ့ ပို့တယ်။ ရှေ့တန်း နေရာ ရောက်မှ စစ်ယူနီဖေါင်းတွေ လက်နက်တွေထုတ်ပေးပြီး တောထဲမှာတပ်အင်အားစု ထားတာရှိတယ်။ အဲဒီတော့ ကျနော့်ရဲ့ ထင်မြင် ချက်က တစ်ဘက်က ဦးရွေမန်းကနေပြောတာရှိတယ်လေ။ လွတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ ကြိုးပမ်းမှုကြောင့် ကချင် ပြည်နယ်ထဲမှာ တည်ငြိမ်နေပြီဆိုတဲ့အပိုင်းတစ်ခု ပါခဲ့တယ်။ တစ်ချိန်ချိန်မှာတော့ အပစ်အ ခတ် ရပ်စဲရေးနဲ့ပတ်သက်လို့ တရားဝင်ဆွေးနွေးလာမဲ့အပိုင်းရှိမယ်လို့ ကျနော်မျှော်လင့်တယ်။

ဒါပေမဲ့ အဲလိုမျိုးဆွေးနွေးမှု အဆင့်မရောက်ခင် ကျနော်တို့ကေအိုင်အေ တပ်စခန်းအနီးအနားကိုသူတို့စစ်အင် အား အလုံး အရင်း ဖြည့်တင်းထားပြီးမှ ပြောဆိုလာလိမ့်မယ်လို့ ထင်တယ် ။ အဲဒီဆွေးနွေးမှုမလုပ်ခင် တပ် အင်အားတွေ အမြဲတမ်း ဖြည့် တင်းနေတယ်ဆိုတာ သိရပါတယ်။

မေး - ကချင်ပြည်နယ်ထဲကို ဘယ်တပ်တွေပို့နေတယ်လို့ သိရသလဲခင်ဗျ။

ဖြေ - အဓိကကတော့ တပ်မတွေဖြစ်မယ်လို့ သတင်းရတယ်ခင်ဗျ။

မေး - နောက်ထပ် ဘာများဖြည့်ပြောချင်သေးလားခင်ဗျ ။

ဟုတ်ကဲ့ခင်ဗျား။ ပြောတာတွေသိပ်များသွားပါပြီ။
Source : Mongloi


၅၂။ နမ့်ခမ်းမြို့ ပြည်သူ့စစ် ၃ ဦး တိုက်ခိုက်ခံရ၍ သေဆုံး

      ယခုလ ၂၆ ရက်နေ့ ည ၁ နာရီခန့်က အမည်မသိ လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်မြို့မရပ် ကွက် ပြည်သူ့စစ်အဖွဲ့ဝင် ၃ ဦး သေဆုံးသွားကြောင်း သိရသည် ။

      နမ့်ခမ်းမြို့နယ် မန့်စွမ်းရွာ လှေဆိပ်၌ လုံခြုံရေး တာဝန်ယူနေစဉ် တိုက်ခိုက်ခံရခြင်း ဖြစ်ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးကာ ကျန်နှစ်ဦးမှာ နမ့်ခမ်းဆေးရုံး၌ သေဆုံးကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“မန့်စွမ်းရွာပေါ့ တရုတ်ဘက်ကမ်းက ရှောက်ရုံပန့်လို့ ခေါ်တယ် ပြည်သူ့စစ်တွေက တရုတ်ဘက်ကမ်းကို မှောင်ခို သယ်တဲ့ သစ်နဲ့ မီးသွေးတွေ အခွန်ကောက်တယ်၊ နမ့်ခမ်းမြို့မ ရပ်ကွက်ကပဲ၊ ခေါင်းဆောင်က အိုက်စံ ဒု ခေါင်းဆောင်က ရခိုင် လူမျိုး တခြားလူတွေက လာပစ်တာ၊ တစ်ယောက်ကတော့ ပွဲချင်းပြီး သေသွားတယ် ၂ ယောက်က နမ့်ခမ်း ဆေးရုံမှာ သေတယ်” ဟု ဆိုသည်။

      ယခုရက်ပိုင်းအတွင်း သျှမ်းပြည် (မြောက်ပိုင်း)၌ ပစ်ခတ် တိုက်ခိုက်မှုများ ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပေါ်နေရာ မြန်မာ အာဏာပိုင်များ ဘက်မှ ဖမ်းဆီး စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

      မူစယ်မြို့နယ် တုံ့ခန်ကျေးရွာ ဥက္ကဋ္ဌ အပါအဝင် ဟိုလောင် - နှင်းအီ ရွာသား ၃ ဦးကို မြန်မာစစ်တပ်မှ ယခုလ ၂၄ ရက် နေ့တွင် မသင်္ကာမှုဖြင့် ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သိရသည်။

      ထို့အပြင် အမျိုးသမီးများအပေါ် အဓမ္မပြုကျင့် သတ်ဖြတ်မှုများလည်း ဖြစ်ပေါ်နေကြောင်း သိရသည်။

      နမ့်ခမ်းမြို့နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် ကချင်ပြည်နယ် မံစီမြို့နယ် ဟန်ထက်ရွာရှိ မြန်မာစစ်တပ် လုံခြုံရေးရှိရာ တံတားအနီး မုဒိန်းကျင့် သတ်ဖြတ်ခံ ထားရသည့် အမျိုးသမီးတစ်ဦး၏ ရုပ်အလောင်းအား ယခုလ ၂၅ ရက်နေ့က တွေ့ရှိခဲ့ကြောင်း သိရသည်။

      ဒေသတွင်း ကျေးရွာများတွင် ဆိုင်ကယ်ဖြင့် ဟင်းသီးဟင်းရွက် လှည့်လည်ရောင်းချသည့် ဗန်းမော်မြို့ ပေါက်ကုန်း ရပ်ကွက် မှ အမျိုးသမီးဖြစ်ပြီး ၎င်း ပျောက်ဆုံးပြီးနောက် ယခုရုပ်အလောင်း ပြန်တွေ့ခြင်း ဖြစ်သည်။
Source : Mongloi


၅၁။ KIA လိုင်ဇာ သိမ်းပိုက်ရန် မြန်မာက တရုတ်သို့ ခွင့်တောင်း

      ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)ဌာနချုပ် လိုင်ဇာအား တိုက်ခိုက်သိမ်းပိုက်ရန်ကိစ္စ မြန်မာ စစ်အရာရှိများမှ တရုတ်စစ်အရာရှိသို့ ခွင့်တောင်းခဲ့ကြောင်း သိရသည်။

      ဇွန် ၂၃၊ ကြာသပတေး ညက မြန်မာစစ်အရာရှိများမှ တရုတ်စစ်အရာရှိကို တရုတ်နိုင်ငံ ယုနန်ပြည်နယ် မန်ရှီ၌ သွားရောက်တွေ့ခဲ့ဆုံစဉ် ယခုကိစ္စတောာင်းဆိုခဲ့ကြောင်း မန်ရှီသတင်းရပ်ကွက်က ဆိုသည်။
KIA ဌာနချုပ် (လိုင်ဇာ)

      ဆွေးနွေးပွဲတွင် မြန်မာစစ်တပ်များ တရုတ်နယ်စပ်တွင် အ၀င်အထွက် သွားလာလှုပ်ရှားခွင့် တောင်း ဆိုခဲ့သည်ဟု ဆိုသည်။

      ဒေသတွင်းတရုတ်စစ်အရာရှိကြီးများနှင့် နေပြည်တော်မှ မြန်မာစစ်တပ် အရာရှိများ၊ လားရှိုးမှ အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်အရာရှိများ၊ ကောင်းခါးအခြေစိုက် ကချင်ကာကွယ်ရေးတပ် KDA အရာရှိတချို့ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

      ရွှေလီမြစ်အတိုင်း ချီတက်လာသည့် မြန်မာစစ်တပ်များ တရုတ်နိုင်ငံထဲသို့ ဝင်ခွင့်ပြုရန် တောင်း ဆိုခဲ့သည်ဟု ဆိုသည်။

      KIO လိုင်ဇာဌာနချုပ်နှင့် KIA တပ်မဟာ ၃ ဒေသကိုတိုက်ခိုက်ရန် မြန်မာစစ်တပ်နှင့် မထုနော်ဦးဆောင်သော KDA တပ်များပူးပေါင်းသွားရန်လည်းရှိသည်ဟု တရုတ်နယ်စပ် အာဏာပိုင် များပြောသည်။

      KDA မှ ကချင်ကာကွယ်ရေး တပ်များကို အသုံးပြုရခြင်း၏ ရည်ရွယ်ချက် ၂ ချက်ကိုလည်း မြန်မာအရာရှိများက တရုတ်ကို ရှင်းပြသည်ဟုဆိုသည်။ လူမျိုးရေးကိုရှောင်လွဲရန်နှင့် စေ့စပ် ညှိနှိုင်းနိုင်ရန်ဖြစ်သည်။ KIO လိုင်ဇာဌာနချုပ် ကို သိမ်းပိုက်နိုင်ရေး မြန်မာစစ်တပ်၏ အားထုတ်မှု သည် လူမျိုးရေးဖိနှိပ်မှုအသွင်ကို ဆောင်နေသဖြင့် စေ့စပ်ညှိနှိုင်း ရန် ခက်ခဲစေသည်။

      KIA အား တိုက်ခိုက်မည့်အပေါ် တရုတ်က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသော်လည်း မြန်မာ စစ်တပ်နှင့် KDA တပ်များ စစ်ဆင်ရေးအတွင်း တရုတ်နယ်မြေအား ဖြတ်သန်းခွင့် ပြုခဲ့သည်ဟု တရုတ် အာဏာပိုင်များနှင့် နီးစပ်သူများ ပြောသည်။

      လူအင်အား ၈၀၀ ကျော်ရှိသည့် KDA တပ်များ လိုင်ဇာနှင့် တပ်မဟာ ၃ ကို သိမ်းပိုက်ရန် ရှေ့တန်းသို့ ချီတက်သွားကြပြီဟု KDA နှင့်နီးစပ်သူများပြောသည်။

      ဇွန် ၉ ရက် ဆန်ဂန်တိုက်ပွဲအပြီး ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် ပြည်တွင်း စစ်ပြန်ဖြစ်လာသည်။ စစ်ကြောင့် မြန်မာအုပ်ချုပ်ရေးနယ်မြေမှ ဒုက္ခသည် ၂၀၀၀၀ ကျော် KIO အုပ်ချုပ်သည့် တရုတ်နယ်စပ်သို့ တိမ်းရှောင်လာခဲ့သည်။

      မြန်မာစစ်တပ်က ခေါ်ယူမေးမြန်း နှိပ်စက်ညှင်းပန်းခြင်းနှင့် ပေါ်တာဆွဲမည်ကို စိုးရိမ်သဖြင့် ထွက်ပြေးလာရခြင်းဖြစ်သည်ဟု တိမ်းရှောင်လာသူများပြောသည်။
Source : KNG


၅၀။ ကချင်ဌာနချုပ် လိုင်ဇာကို တရုတ်ဘက်ကနေ ဝင်တိုက်မည်

      တရုတ်-မြန်မာနယ်စပ် ကချင် လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ကို တရုတ် ပိုင်နက်ထဲကနေ ဝင်တိုက်ပြီး သိမ်းပိုက်ဖို့ မြန်မာစစ်တပ် ထိပ်ပိုင်း အရာရှိတဦးနဲ့ တရုတ် စစ်တပ်အရာရှိတွေ လွန်ခဲ့တဲ့ နှစ်ရက်က ယူနန်ပြည်နယ်မှာ လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း ကချင်သတင်းစဉ် KNG က မနေ့က ဖော်ပြလိုက်ပါတယ်။
မူဆယ်မြို့အနီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တွင် စိုက်ထူထားသည့် သတိပေးဆိုင်းဘုတ်။ (Photo: AFP)

      မန်စီမြို့မှာ ပြုလုပ်ခဲ့တဲ့ အဲဒီ အစည်းအဝေးမှာ မြန်မာအစိုးရ တပ်တွေအနေနဲ့ ရွှေလီမြစ်ကို ဖြတ်၊ တရုတ်နယ်ထဲကနေ ဝင်ရောက်ပြီး လိုင်ဇာကို လုံခြုံရေးယူထားတဲ့ KIA တပ်မဟာ (၃) ကို တိုက်ခိုက်ပြီး၊ လိုင်ဇာကို သိမ်းပိုက်နိုင်ဖို့ အတွက် တရုတ်ဆီကနေ ခွင့်တောင်းတာလို့ ဆိုပါတယ်။

      တရုတ်-မြန်မာ နယ်စပ်အခြေစိုက် စစ်ရေး၊ နိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောကတော့ တရုတ်အစိုးရ အနေနဲ့ မြန်မာအစိုးရဘက်က အခုလို တောင်းဆိုတာကို ခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

      မြန်မာ-တရုတ် စစ်ဘက်အရာရှိတွေ အစည်းအဝေးကို တရုတ် ဒေသဆိုင်ရာ စစ်ဘက်အရာရှိတွေ၊ နေပြည်တော်က ထိပ်ပိုင်း အရာရှိတွေ အပြင်၊ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်း စစ်ဌာချုပ် တပ်မှူးတွေ၊ အရင် KDA ခေါ် ကချင်ကာကွယ်ရေးတပ် အခု ကချင်ပြည်သူ့ စစ်အဖွဲ့ က အရာရှိတွေလည်း တက်ရောက်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။

      ကချင်ပြည်သူ့စစ်အဖွဲ့ဟာ KIO ကနေ ၁၉၉ဝ ခုနှစ်မှာ ခွဲထွက်သွားတဲ့ ဦးမထုနော်ရဲ့ ပြည်သူ့စစ်အဖွဲ့လို့ သိရပါတယ်။

      တကယ်လို့ လိုင်ဇာကို မြန်မာအစိုးရတပ်တွေကပဲ ဝင်ရောက် သိမ်းပိုက်မယ်ဆိုရင် ကချင်ပြည်သူတွေနဲ့ လူမျိုးရေး အမြင်လွဲမှားမှုတွေ ဖြစ်မှာစိုးတဲ့အတွက် ကချင် ပြည်သူ့စစ် အဖွဲ့ဝင်တွေကိုပါ သုံးမှာဖြစ်ကြောင်း မြန်မာအရာရှိတွေက တရုတ်စစ်တပ် အရာရှိတွေကို ရှင်းပြတယ်လို့ သိရပါတယ်။

      တရုတ်စစ်တပ် ဘက်ကတော့ တကယ်လို့ စစ်ဆင်ရေး လုပ်ဖြစ်ရင် တရုတ်နယ်ထဲ ဝင်ရောက်ပြီး လိုင်ဇာကို ဝင်တိုက်ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် မြန်မာအစိုးရနဲ့ KIA အကြား တိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ တရုတ်အရာရှိတွေက သဘောထား တစုံတရာ ပေးခဲ့တာ မရှိဘူးလို့ ဆိုပါတယ်။
Source : RFA


၄၉။ လူထုသုံးရန် သျှမ်းတပ်ဆောက်ထားသည့် ကျပ်သိန်းထောင်ကျော်တံတား အစိုးရတပ်မီးရှို့

      လူထုအတွက် သျှမ်းတပ် ဆောက်ထားသည့် ကျပ်သိန်း တထောင်ကျော် တံတားတစ်စင်းအား မြန်မာတပ် မီးရှို့ဖျက်ဆီး လိုက်သည်ဟု စုံစမ်း သိရှိရပါသည်။

“အဲဒီတံတားက သျှမ်းပြည် တပ်မတော်ကနေ လူထု အတွက် ၂၀၀၈ မိုးတွင်းတုန်းက ဆောက်ပေးထားတာ။ ကျပ်သိန်းပေါင်း ၁၁၀၀ ကျော်ကုန်ကျတယ်။ တာ့ဖါဆောင် သျှမ်းတပ်စခန်း ကို လာတိုက်တာ ခလရ ၂၂ ၊ ၆၇ နဲ့ ၂၈၆ ။ တံတားကို မီးရှို့ပြီး အဲဒီတပ်တွေက အချင်းချင်း ပြန်စွပ်စွဲတာ” - ဟု ကျေးသီးမြို့ ဝန်ထမ်း တဦးကပြော ပါသည်။

      ဂျွန် ၂၃ ရက် မွန်းလွဲ ၁၄:၀၀ နာရီက ခလရ ၆၇၊ ခလရ ၂၂ တို့က ကျေးသီးမြို့နယ် အရှေ့မြောက်ဘက်ရှိတာ့ဖါ ဆောင်တံတား အား ဓါတ်ဆီလောင်းပြီး မီးရှို့ခြင်းဖြစ်ကြောင်း၊ သို့သော် အဆိုပါတပ် ၂ တပ်က မိမိတို့ရှို့ ခြင်း မဟုတ်။ မိုင်းနောင် ဝိန်းကောဝ် အခြေစိုက် ခလရ ၂၈၆ ဒု တပ်ရင်းမှူး ဗိုလ်မှူးလှိုင်မြင့် ဦးဆောင်သည့် စစ်ကြောင်း က ရှို့ခြင်း ဖြစ်သည်ဟုဆို၏။
      ဗိုလ်မှူးလှိုင်မြင့်ကမူ- သျှမ်းတပ်သည် ၎င်းအပေါ် ကျေးဇူးတရား ရှိထားသောကြောင့် သျှမ်းတပ်အား ဖျက်လို ဖျက်ဆီး လုပ်မည် မဟုတ်ကြောင်း၊ မီးမရှို့ရန် အဆိုပါ တပ်များအား ဟန့်တားသော်လည်း မရခဲ့ကြောင်း ရပ်ရွာ အကြီး အကဲများအား ဆင့်ခေါ်ကာ ရှင်းပြခဲ့သည်ဟု နီးစပ်သည့် ပုဂ္ဂိုလ်တဦး ပြောပါသည်။

“အဲဒီတပ် ၂ တပ်က ပူးပေါင်း အင်အား ၂၀၀ ကျော်လောက်ရှိမယ်။ တံတားထိပ် နှစ်ဘက်က ဈေးဆိုင် ၄-၅ ခု ကနေ ပစ္စည်းတွေ လုယူ စားသောက်တာ တန်ဖိုး ကျပ်သိန်းပေါင်း ၇၀ လောက်ဆုံးရှိုးတယ်။ ဆိုင်ရှင်တွေ တော့ မျက်ရည်နဲ့ မျက်ခွက်ပဲ။ ရွာသားတွေရဲ့ ဝက် ၂ ကောင်ကိုလည်း ပေါ်စားလိုက်တယ်။ နမ့်ဟဲန် ချောင်းကူး တံတား မီးတင်ရှို့တဲ့ ကိစ္စ သူတို့ အချင်းချင်း ညှိုးချနေတုန်း”

      နမ့်ဟဲန်ချောင်းကူး တာ့ဖါဆောင် ချောင်းကူးတံတား သည် ကွန်ကရစ်တိုင် သစ်မာခင်းသည့် တံတားအမျိုးအစား ဖြစ်ပြီး ကျေးသီး မြို့နယ် သျှမ်းပြည်တပ်မတော် SSPP/SSA ဝမ့်ဟိုင်းဌာန ချုပ်နှင့် ပြည်သူ့စစ် အသွင်ပြောင်းသည့် ဦးလွယ်မောဝ် ၏ စိန်ကျော့ ဌာနေပြည်သူ့ စစ် (ယခင် SSA ဌာနချုပ်ဟောင်း) အကြား ပေါင်းကူးတံတား ဖြစ်သည်။

      အဆိုပါ မြန်မာတပ်များသည် တာ့ဖါဆောင် စခန်းအား ဝင်မတိုက်မှီ ‘ အဆိုပါဒေသဘက် မရောက်ဖူး သော ကြောင့် အလည်လာ ခွင့်ပြုရန်’ လူထုကတဆင့် SSPP/SSA အာဏာပိုင်များထံ စာဖြင့် တိုးလျှိုး ပန်ကြားခဲ့ သဖြင့် သျှမ်းတပ်ကလည်း ၎င်းတို့အား ရှောရှောရှူရှူ ဝင်ခွင့်ပြုခဲ့ရာမှ တိုက်ပွဲများ ဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း သျှမ်းတပ်နှင့် နီးစပ်သူတဦးက ပြောသည်။

“တာ့ဖာဆောင် စခန်းနား ရောက်တာနဲ့ မြန်မာတပ်တွေ ချက်ချင်း ပစ်တော့တာ။ သုံးလတာ တိုက်ပွဲဖြစ်လာတဲ့ ကာလ တလျှောက် ဒီနည်းကို မြန်မာတပ်တွေက အမြဲတမ်းလိုလို သုံးတယ်။ ‘သွားလာခွင့်ပြုပါ၊ ကျနော်တို့ လာချင်လွန်း လို့မဟုတ်။ အထက်ကို မလွန်ဆန် နိုင်လို့ပါ။ ကျနော်တို့ကို မတိုက်ခိုက်ပါနဲ့’ စသဖြင့်ပေါ့ တောင်းပန်ပြီး စားနပ်ရိက္ခာ လက်နက်ခဲယမ်းတွေ သယ်ကြတယ်” စစ်ရေးအား စောင့်ကြည့်နေသည့် အဆိုပါပုဂ္ဂိုလ်က ပြောပြပါသည်။
Source : Mongloi


၄၈။ တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရတပ်မှ စစ်သား ၂ ဦး ကရင်နီတပ်နှင့် ပူးပေါင်း

      ကရင်နီ တပ်မတော်နှင့် အစိုးရတပ်တို့ ကရင်နီပြည်နယ် ရှားတော မြို့နယ်တွင် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အစိုးရတပ်မှ တပ်သား ၂ ဦး ကရင်နီတပ်နှင့် လာရောက် ပူးပေါင်းခဲ့သည်ဟု သိရသည်။

      ကရင်နီတပ်မတော်မှ ဗိုလ်ဦးရယ် ဦးဆောင်သော စစ်ဦးစီးတပ် တပ်ဖွဲ့သည် အစိုးရတပ် ခမရ ၅၇၅ တပ်ဖွဲ့နှင့် ပြီးခဲ့သည့် မေလ ၂၉ ရက်နေ့က ရှားတောမြို့နယ် သံလွင်မြစ် အရှေ့ဘက်ကမ်းဒေသရှိ ဒေါတခဲကုန်းနှင့် တောင်သုံးလုံး အကြားတွင် ရင်ဆိုင် တိုက်ခိုက်ကြ၍ အစိုးရတပ်ဘက်မှ ၄ ဦး ဒဏ်ရာရခဲ့သည်ဟု ကရင်နီ တပ်မတော်က ပြောပြသည်။

      ထို့နောက် ဇွန်လ ၁၃ ရက်နေ့တွင် ရှားတောမြို့နယ်၌ အခြေစိုက်ထားသော အစိုးရတပ် ခမရ ၃၃၂ မှ တပ်သားဖြစ်သူ တင်းဝင်း အသက် ၂၃ နှစ်နှင့် စောခူသစ် အသက် ၂၅ နှစ်တို့သည် လက်နက် အပြည့်အစုံနှင့် အတူ ရှားတောမြို့နယ်၌ လှုပ်ရှားနေသော ကရင်နီတပ်မတော်မှ ဗိုလ်တော်ရယ် ဦးဆောင်သော ခရိုင် ၁ တပ်ခွဲ ၃ တို့နှင့် လာရောက် ပူးပေါင်းခဲ့သည်ဟု ကရင်နီ ဗဟိုသတင်းအဖွဲ့မှ ဗားမားနိုင်က ပြောသည်။

“တပ်ကြပ်ကြီး ခင်မောင်နီ ဆိုတာ တယောက် ရှိတယ်တဲ့။ အဲဒီ တပ်ကြပ်ကြီးက သူ့တို့ကို အလုပ် တအားခိုင်းတယ်။ နောက် သူ့တို့အပေါ်မှာ ခေါင်းပုံဖြတ်ပြီး နာအောင် ဆဲဆိုတယ်တဲ့။ အဲဒါ သူတို့ ဂိတ် သွားကျတဲ့ အချိန်မှာ ထွက်ပြေးလိုက်တာ” ဟု ၎င်းက ပြောသည်။

      ကရင်နီတပ်နှင့် လာရောက်ပူးပေါင်းခဲ့သော ၎င်းအစိုးရစစ်တပ် ၂ ဦးသည် MA-1 သေနတ် ၂ လက်၊ ကျည်ဘောက် ၉ ချပ်၊ ကျည်ဆံ ၂၄၀ တောင့်နှင့် equipment ၂ စုံတို့နှင့် ပါလာကြသည်ဟု ၎င်းက ဆက်ပြောသည်။

      တင်းဝင်း၏ ကိုင်ပိုင်နံပါတ်မှာ တ/၃၄၇၁၀၂ ဖြစ်ပြီး စောခူသစ်၏ ကိုယ်ပိုင်နံပါတ်မှာ တ/၃၂၆၁၂၄ ဖြစ်သည်။ ၎င်းတို့သည် ကရင်နီ တပ်မတော်တို့နှင့် အတူ လက်နက်ကိုင် တော်လှန်ရေး အလုပ်ကို လုပ်မည်ဟု ပြောဆိုကြောင်း ဆိုသည်။

      ခမရ ၃၃၂ သည် ရှမ်းပြည်နယ် ဖယ်ခုံမြို့၌ အခြေစိုက်ထားသော ဒေသကွပ်ကဲရေး စစ်ဌာနချုပ် (စကခ) ၁၇ ၏ လက်အောက်ခံ တပ်ရင်း ဖြစ်သည်။
Source : Ktimes


၄၇။ လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား

VOA မြန်မာသတင်းဌာနနားဆင်ရန်
      မြန်မာအစိုးရက ကချင် လွတ်မြောက်ရေး တပ်မတော် KIO နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှု အခြေအနေတွေ ငြိမ်သက်သွားပြီလို့ ဆိုပေမယ့် KIO ကချင် လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့ အနီးမှာ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

      အခုလဆန်းကစပြီး KIA နဲ့ မြန်မာအစိုးရ တပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဒီမနက် လိုင်ဇာဌာနချုပ် အနီးမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲကတော့ လောလောဆယ် နောက်ဆုံး အခြေအနေ ဖြစ်ပါတယ်။

      ဒါ့ကြောင့်လည်း လိုင်ဇာ တဝိုက်မှာ ကချင် ဒုက္ခသည်တွေ ၅ ထောင်နီးပါး ရှိနေသလို တောထဲမှာ ထွက်ပြေး ပုန်းအောင်းနေရတဲ့ ကချင်ဒုက္ခသည် အရေအတွက်ဟာ ဆိုရင်လည်း ၃ ထောင်လောက် ရှိတယ်လို့ KIA ကပြောပါတယ်။

      လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အစိုးရတပ်တို့ ကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်သွားပြီလို့ ပြောပြီး နောက်တနေ့ စနေနေ့၊ ဒီကန့ မနက်ပိုင်းမှာပဲ KIA နဲ့ အစိုးရတပ်တွေ ထပ်မံ တိုက်ပွဲဖြစ်ပွား ခဲ့ပါတယ်။ အခုနောက်ဆုံးဖြစ်တဲ့ တိုက်ပွဲဟာ KIO ဌာနချုပ် ရှိတဲ့ တရုတ်-မြန်မာနယ်စပ်၊ လိုင်ဇာမြို့နဲ့ အနီးဆုံးနေရာမှာ ဖြစ်ခဲ့တာပါ။ ၈ မိုင်လောက်ပဲ ဝေးတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ တိုက်ပွဲနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမဲ့ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်တဲ့အကြောင်း KIO ဗဟိုကော်မတီဝင် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလာနန်က ပြောပါတယ်။

“ဟုတ်ကဲ့။ ကားလမ်းပေါ်မှာပါ။ လိုင်ဇာနဲ့ နမ့်ခမ်းရုံးပေါ့နော်။ ဒါပေမဲ့ အသေးစိတ်တော့ ကျနော် မသိရသေးဘူး။ ဖြစ်တယ် ဆိုတဲ့ဟာပဲ သိသေးတယ်”

      ကချင်သတင်းဌာနရဲ့ အယ်ဒီတာ လဖိုင်နော်ဒင်းကတော့ ဒီတိုက်ပွဲဟာ မြန်မာအစိုးရ တပ်ရင်း ၃၇ နဲ့ ဖြစ်ပွားခဲ့တာဖြစ်တယ်၊ ၁ နာရီကျော်ကျော် ကြာမြင့်ပြီးတော့ ပြင်းထန်တယ်လို့ ပြောပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းကတော့ သောကြာနေ့တုန်းကပဲ ရန်ကုန်မြို့မှာ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ မြစ်ကြီးနား လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းဇော် ကြားဝင် ဖြေရှင်းပေးတဲ့အတွက် KIA နဲ့ဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံး ပြေလည်သွားပြီ၊ အခြေအနေတွေ မူလ အနေအထား ပြန်ရောက်သွားပြီိလို့ ပြောတဲ့အကြောင်း တွေ့ဆုံပွဲမှာ တက်ရောက်ခဲ့တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်ကို ကိုးကားပြီးတော့ မီဒီယာတွေမှာ ဖော်ပြပါတယ်။ KIO ကော်မတီဝင် ဦးလာနမ်ကတော့ ဒါဟာ မဟုတ်မှန်တဲ့ အကြောင်း၊ နေ့စဉ်ဆိုသလို နေရာအနှံ့မှာ တိုက်ပွဲငယ် ၂ ခုလောက်တော့ အနည်းဆုံး ဖြစ်နေတာပါလို့ ပြောပါတယ်။

      အခြေအနေတွေ ငြိမ်သက်နေပါတယ် ဆိုတဲ့အပေါ် ဦးလာနမ် သုံးသပ်ပြတာကတော့ ဒီလိုပါ။

“တည်ငြိမ်သွားတယ် ဆိုတာက သေနတ်မပစ်တာနဲ့ တည်ငြိမ်သွားတယ် ဆိုတာက မဖြစ်နိုင်ဘူး။ မြို့ပေါ်မှာရှိတဲ့ လူထုတွေက အရမ်းကို ကြောက်ရွံ့နေကြတယ်။ အဲဒါက ဗုံးခွဲတာမျိုးရှိလို့ ကြောက်တာ မဟုတ်ဘဲနဲ့ အစိုးရတွေရဲ့ တပ်ဖွဲ့ဝင် အစိုးရ ဝန်ထမ်းတွေရဲ့ ခြိမ်းခြောက်မှု၊ အဲဒါကို ကြောက်ရွံ့နေကြတာ။ ဒါကို တည်ငြိမ်တယ်လို့ ပြောလို့မရဘူး။ အခုဆို မြစ်ကြီးနားမြို့ပေါ်ဆို ည ၈ နာရီဆို မာရှယ်လော တရားဝင်မထုတ်ပေမဲ့ ၈ နာရီနောက်ပိုင်း သွားလာနေကြတဲ့ ပြည်သူတွေအပေါ် စစ်ဆေးမေးမြန်းမျိုး၊ ဖမ်းဆီး ခေါ်ဆောင် သွားတာမျိုး၊ အဲဒါမျိုးတွေ လုပ်နေကြတယ်။ အဲဒီတော့ ဒါက တည်ငြိမ်မှု ရှိတယ်လို့ ပြောလို့မရဘူး”

      စစ်ပွဲတွေကြောင့် စိုးရိမ် ကြောက်လန့်ပြီး ထွက်ပြေး တိမ်းရှောင်နေကြတဲ့ ဒုက္ခသည် အရေအတွက်ဟာလည်း ပို ပိုပြီးတော့ တိုးလာတယ်လို့ ပြောပါတယ်။ တရုတ်နိုင်ငံအတွင်း ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေ အတွက် တဘက် နိုင်ငံကနေ ဒုက္ခသည်စခန်း ဖွင့်ပေးတာမျိုး မရှိတာကြောင့် လိုင်ဇာဘက်ကို ပြန်ပြေးလာတဲ့ အတွက် လိုင်ဇာတဝိုက်မှာ ဒုက္ခသည်စခန်း ၅ ခုထက်မနည်း ဖွင့်ပေးထားရတယ် လို့လည်း ဦးလာနမ်က ပြောပါတယ်။

“၂၂ ရက်နေ့ အထိကတော့ ၄ ထောင်ကျော်ရှိတယ်။ နေ့တိုင်းကတော့ အယောက် ၃၀၊ ၄၀၊ ၅၀ အဲလိုမျိုး နေ့တိုင်း တိုးလာတာရှိတယ်။ တိုးလာတယ် ဆိုတာက ကျေးရွာကနေ သူတို့ ပြန်ပြီးတော့ ဒီဘက် ထွက်လာတဲ့ ဟာမျိုး၊ တချို့ကတော့ တောထဲမှာ ရောက်နေတဲ့ ဒုက္ခသည်တွေက ဒီဘက်ပြန်ပြီး ရောက်လာတာရယ်၊ နောက်ပြီးတော့ တရုတ်ပြည် ဝင်သွားတဲ့သူတွေ ဒီဘက်ပြန်ပြီးတော့ ဝင်လာတဲ့ သူတွေရယ်ဆို ၅ ထောင်ကျော်ကျော် လောက်တော့ ရှိမယ်။”

      လိုင်ဇာတဝိုက်မှာ သာမကဘဲ မန္တလေး၊ မြစ်ကြီးနား ကားလမ်းရဲ့အရှေ့ဘက် မိုးညှင်း၊ ဟိုပင်တဝိုက် မှာလည်း တောထဲမှာ ပုန်းရှောင် နေသူတွေက ၃ ထောင်လောက် ရှိနေပြီး ရာသီဥတု ဆိုးဝါးတာကြောင့် တော်တော် ဒုက္ခရောက် နေတယ်လို့ ဆိုပါတယ်။

“အဲဒီမှာ ကရင်တပ်ရင်း ၅ ရှိတယ်။ ကရင်တပ်ရင်း ၅ က ဖြစ်နိုင်သလောက် ပြုစုပေးတာမျိုး၊ အစား အသောက်တွေ ပံ့ပိုးတာမျိုးတော့ လုပ်နေတယ်။ ဒါပေမဲ့ ကျန်းမာရေး ဘက်မှာတော့ ဆေးဝန်ထမ်းတွေ ရှိပေမဲ့ အဲဒီကို ဆေးတွေ ဘာတွေ ပို့ဆောင်ပေးဖို့ ကိုတော့ ကျနော်တို့ဘက်လည်း လောလောဆယ်တော့ အခက်အခဲတော့ ရှိသေးတယ်။ အခုကျတော့ ရာသီဥတုကလည်း အဲဒီဘက်မှာ မိုးက ရွာတယ်။ တောထဲမှာဆိုတော့ ကျနော်တို့ ဘက်မှာ ခြင်များတယ်။ အခုလိုမျိုး ရာသီကာလ ဆိုရင်တော့ သွေးလွန်တုပ်ကွေးတို့၊ ငှက်ဖျားတို့ကတော့ အမြဲတမ်း ကြုံတွေ့ရမယ့် ပြဿနာပဲ”

      ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ နောက်ဆုံး အခြေအနေနဲ့ ပတ်သက်ပြီး KIO ဗဟို ကော်မတီ ဝင်လည်းဖြစ်၊ တွဲဘက် အထွေထွေ အတွင်းရေးမှူးလည်း ဖြစ်တဲ့ ဦးလာနမ် ရှင်းပြသွားတာ ဖြစ်ပါတယ်။

      လိုင်ဇာမှာ ရှိနေတဲ့ ဒုက္ခသည်တွေ အတွက် အဓိက ဆန်နဲ့ရေ၊ ဆေးဝါးတို့ကို KIO က ထောက်ပံ့ ပေးထားပြီးတော့ ဟင်းဖိုးအတွက်ပဲ အသုံးပြုရငွေဟာ တရက်ကို သိန်း ၂၀ လောက် ကုန်ကျတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ အစပိုင်းတုန်းက HU Health Unlimited လို့ခေါ်တဲ့ NGO အဖွဲ့က ဆေး၊ ခြင်ထောင်တွေ ထောက်ပံ့ပေးခဲ့ ပေမဲ့ နောက်ထပ် တိုးလာတဲ့ ဒုက္ခသည်တွေ များတာကြောင့် မလုံလောက်တော့ဘူးလို့ ပြောပါတယ်။ ပြင်ပ အကူအညီ မရဘူးဆိုရင် ရေရှည်မှာ ဒုက္ခသည်တွေ အတွက် အခြေအနေ ဆိုးနိုင်တယ်လို့လည်း KIO တွဲဘက် အထွေထွေ အတွင်းရေးမှူးက ပြောပါတယ်။
Source : VOA


၄၆။ မြန်မာ စစ်သားတဦးမှ ဖွင့်ဟခြင်း

      လွန်ခဲ့သော နှစ်လခန့်က VOA မှ တင်ပြခဲ့သော ဗီဒီယိုဖိုင်ဖြစ်သည်။ စစ်တပ်နှင့် ဆက်နွယ်နေ သောကြောင့် ပြန်လည်ကူးယူ ဖော်ပြခြင်းဖြစ်ပါသည်။

Burma Soldier မှတ်တမ်းဗီဒီယိုအား ဤနေရာတွင် ကလစ်နှိပ်၍ ကြည့်ရှုနိုင်ပါပြီ။
Video : VOA


၄၅။ သျှမ်းပြည်မြောက်ပိုင်းတန့်ယန်းမြို့၌ ၁ ရက် အတွင်း ဗုံး ၈ လုံးထက်မနဲ ပေါက်ကွဲ

      ၁ ရက်အတွင်း သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့၌ ဗုံး ၈ လုံးထက်မနဲ ပေါက်ကွဲခဲ့သည်ဟု တန့်ယန်း ဒေသခံ များ ပြောပြချက်အရ သိရသည်။

“လက်သည်တော့ မသိဘူး။ သျှမ်းသူပုန်တွေ ထောင်ထားတဲ့ ဗုံးတွေလို့ အာဏာပိုင်တွေက ပြောတယ်။ မြို့လယ်ခေါင် ကြီးမှာ သျှမ်းသူပုန်က ဘယ်လိုလုပ် ဝင်ထောင်မလဲ။ ဗုံးထောင်ဖို့ နေနေသာ မြို့နားတောင် ကပ်လို့မရဘူး” ဟု အသက် ၄၀ ဝန်းကျင် တန့်ယန်းမြို့ခံ အမျိုးသား တဦးက ပြောသည်။

      အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် သေကြ ဒဏ်ရာရမှု မရှိသော်လည်း ယမန်နေ့ညက လမ်းထွက်ရဲသူ မရှိဟုလည်း ၎င်းကပြောသည်။

“အထက ကျောင်းအရှေ့မှာ တလုံး၊ မြောက်ဘက်မှာ တလုံး၊ မြို့လယ် ချယ်ရီစတိုး နားမှာ တလုံး၊ အာထူး ကွမ်းယာဆိုင်မှာ တလုံး၊ မြို့အဝင် နမ့်ဟောင် သံတံတား ထိပ်မှာ ၂ လုံး၊ လမ်းဘေး ရေမြောင်းမှာ တလုံး၊ ထောက်လှမ်းရေး ရုံးဟောင်း ရှေ့မှာတလုံး စုစုပေါင်း ၈ လုံးပေါက်တယ်။ ၇ နေရာပေါ့။ ဒဏ်ရာ ရတာတော့ မရှိဘူး။ ခြံစည်းရိုး တွေတော့ ပျက်စီးတယ် ဆိုဘဲ။ တချို့ နေရာမှာ ဆိုရင် လက်ပစ်ဗုံး ပုံစံ ကွဲတာလို့တောင် ပြောကြတယ်။ ဆိုတော့ မြန်မာ စစ်တပ်က လုပ်ကြံတာဘဲ နေမှာလို့ လူတွေက ပြောနေကြတယ်” ဟုလည်း ဆိုပါသည်။

      ယမန်နေ့ ညကလည်း မြန်မာစစ်တပ် အာဏာပိုင်များနှင့် အတူ ပြည်သူ့စစ်များ မြို့တွင်း၌ တညလုံး လုံခြုံရေး ကင်းလှည့် ခဲ့ကြကြောင်း၊ ဒေသခံများလည်း ညနေ မှောင်ရီသရော အချိန်ကတည်းက တံခါးပိတ်အိမ်တွင်း ပုန်းခဲ့ကြသဖြင့် တိတ်ဆိတ်လျှက် ရှိကြောင်း လူလတ်ပိုင်း အမျိုးသမီးတဦးက လည်းပြောသည်။

“လူနေ ရပ်ကွက်တွေကို ပစ်မှတ်ထားပြီး တိုက်ခိုက်တာ ကျနော်တို့မှာ ပေါ်လစီမရှိဘူး။ မြို့ထဲ ဝင်နိုင်ပြီ ဆိုရင် ဗမာတပ်ကို ဘဲပစ်မှာ ပေါ့၊ ဗျူဟာရှိုးကို ဝင်ချမှာပေါ့” - ဟု အမည်မဖေါ်လိုသည့် SSPP/SSA တပ်မှူးတဦးက ပြောပါသည်။

      မေလ ၁၄ ရက်ည ကလည်း တန့်ယန်းမြို့ အရှေ့ဘက် ဂိတ်၌ လက်သည်မသိ ဗုံးဖေါက်ခွဲမှုကြောင့် ဂိတ်တာဝန်ကျ မူးယစ် ပုလိပ်တယောက် မျက်နှာနှင့် ခြေထောက်တို့၌ဒဏ် ရာရခဲ့ဖူးသည်။

      ထို့အတူ ကချင်ပြည် မြစ်ကြီးနား၊ ဖါးကန့် ဘက်တွင်လည်း ပြီးခဲ့သည့် အပတ်က ဗုံးဆက်တိုက် ပေါက်ကွဲခဲ့၏။ အဆိုပါကိစ္စ နှင့်ပတ်သက်ပြီး ဒေသခံ ပြည်သူ့စစ်အဖွဲ့နှင့် နီးစပ်သည့် နိုင်ငံရေး ပါတီဝင် တဦးက -“ဖါးကန့်ဗုံးခွဲတဲ့ ကိစ္စက ဒေသခံ အာဏာပိုင်တွေက ကေအိုင်အေ လက်ချက်လို့ စွပ်စွဲတယ်။ အမှန်တော့ တောကချင် မပြောနဲ့ မြို့ကချင်တောင် အနားကပ် လို့မရဘူး၊ ပြည်သူ့ စစ်တွေကို ဖေါက်ခွဲဗုံး သွားထောင်ဖို့ ဗမာတပ်တွေက ဘဲခိုင်း တာတဲ့။ မြစ်ကြီးနား ဘက်မှာလဲ အဲလိုဘဲနေ မှာပေါ့” ဟု ဆို၏။
Source : သျှမ်းသံတော်ဆင့်


၄၄။ မြန်မာပြည်မြောက်ပိုင်း အကြမ်းဖက်မှု အမေရိကန် စိုးရိမ်

ကချင်ပြည်နယ်တွင်း တိုက်ပွဲများကြောင့် ထွက်ပြေးလာကြသည့် ဒေသခံ စစ်ပြေး ဒုက္ခသည်များ။

      မြန်မာစစ်တပ်နဲ့ ကချင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တို့အကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေ ရပ်တန့်ဖို့နဲ့ အဲဒီ တိုက်ပွဲတွေက ထွက်ပြေးလာကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို အကာအကွယ်ပေးကြဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။

      မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် အတွင်းနဲ့ တခြားဒေသတွေမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ စိုးရိမ် ပူပန်ကြောင်းနဲ့ အဲဒီ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် တောင်းဆိုကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောခွင့်ရ အမျိုးသမီး ဗစ်တိုးရီးယား နူးလန်း (Victoria Nuland) က ပြောထားပါတယ်။

      ဒေသခံ တိုင်းရင်းသားတွေအပေါ် ညှဉ်းပန်းနှိပ်စက်၊ အမျိုးသမီးတွေကို မတရား ပြုကျင့်တာနဲ့ နေရပ်ရွှေ့ပြောင်း ထွက်ပြေးနေရတာ စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု အမျိုးမျိုး ဖြစ်ပေါ်နေတယ်လို့ သတင်းတွေ ထွက်နေတဲ့အပေါ် အမေရိကန် ပြည်ထောင်စု အနေနဲ့ အထူးစိုးရိမ် ပူပန်မိကြောင်းလည်း မစ်စ် နူးလန်းက ဆက်ပြောပါတယ်။

      KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့ကို မြန်မာစစ်တပ်က ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်က စတင် ထိုးစစ်ဆင်ခဲ့တာကြောင့် အဲဒီဒေသက တိုင်းရင်းသားတွေ ထောင်နဲ့ချီပြီး တရုတ်နိုင်ငံထဲကို ထွက်ပြေး တိမ်းရှောင်နေကြရတာပါ။ အထူးသဖြင့်တော့ တရုတ်အာဏာပိုင်တွေဘက်က ဒီဒုက္ခသည်တွေကို စခန်းဖွင့်ပြီး စနစ်တကျ ထောက်ပံ့ပေးခြင်း မရှိသေးတဲ့အတွက် ဒုက္ခသည်တွေ ရေရှည် ရပ်တည်ရေးနဲ့ ပတ်သက်လို့ နိုင်ငံတကာက စိုးရိမ် ပူပန်နေကြတာပါ။

      မကြာခင် ရက်ပိုင်းတွေအတွင်း ရှမ်းပြည်ဘက်ကိုပါ မြန်မာစစ်တပ်က ထိုးစစ် ဆင်လာနေတယ် ဆိုတာကိုလည်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မစ်စ် နူးလန်းက ထောက်ပြ ပြောဆိုထားပါတယ်။
Source : VOA


၄၃။ က​လေး​စစ်သား​ကို ပြန်လွှတ်​ပေး​ရန် ​တောင်း​ဆို

      အသက်မပြည့်​သေး​တဲ့​ က​လေး​ငယ်ကို တပ်က​နေ ပြန်လွှတ်​ပေး​ဖို့​ မိဘ​တွေက အိုင်အယ်လ်အိုကို တိုင်ကြား​ခဲ့​ပါတယ်။

      ဧရာဝတီတိုင်း​ ဝါး​ခယ်မမြို့​နယ် အူကျွန်း​ဆွယ်ရွာမှာ​နေတဲ့​ ​မောင်ချစ်သွယ်ဦး​ဟာ အခုနှစ် ဇန်နဝါရီလက အိမ်မဲမြို့​မှာရှိတဲ့​ ဗလီ​ကျောင်း​တခုမှာ သင်တန်း​တက်ရင်း​ ​ပျောက်ဆုံး​ခဲ့​တယ်လို့​ ပြန်လွတ်​မြောက်​ရေး အတွက် အိုင်အယ်လ်အိုဆီ ကူညီတိုင်ကြား​ပေး​တဲ့​ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့ချုပ် ဗဟို​ တောင်သူလယ်သမား​ လုပ်ငန်း ကော်မတီဝင် ဦး​မောင်​မောင်ကြီး​က ​ပြောပါတယ်။

      ပျောက်ဆုံး​ ပြီး​ နှစ်လအကြာမှာ မိဘ​တွေဆီကို တယ်လီဖုန်း​နဲ့​ ဆက်သွယ်ပြီး​ သူဟာ ရှမ်း​ပြည်နယ် ​တောင်ကြီး​ စစ်သင်တန်း​ကျောင်း​က ဓာတ်ခွဲခန်း​မှာ သင်တန်း​ တက်​နေ​ကြောင်း​ ​မောင်ချစ်သွယ်ဦး​က ​ပြောတယ်လို့​ ဆိုပါတယ်။

      မိဘ​တွေကလည်း​ သား​နဲ့​အဆက်သွယ်ရပြီး​ သွား​ရောက်​တွေ့​ဆုံခဲ့​ရာမှာ အိမ်ပြန်လို​ကြောင်း​နဲ့​ သင်တန်း​မှာ မ​ပျော်​ကြောင်း​လည်း​ မိဘ​တွေကို ​ပြောဆိုခဲ့​တယ်လို့​ ဦး​မောင်​မောင်ကြီး​က ဆိုပါတယ်။

      အိုင်အယ်လ်အိုကို တိုင်ကြား​နေချိန်မှာပဲ အခုလ ၆ ရက်​နေ့​က ​မောင်ချစ်သွယ်ဦး​(တပ်သား​ နံပါတ်/ ၄၄၈၁၈၅)ကို သင်တန်း​ဆင်း​ပြီး​ ဘယ်တပ်ပို့​ဆောင်သလဲဆိုတာ မိဘ​တွေအ​နေနဲ့​ စုံစမ်း​လို့​မရ ဖြစ်​နေကြရပါတယ်။

      မောင်ချစ်သွယ်ဦး ​ဟာ လာမယ့်​ ဇွန်လိုင်လကျမှ သက် ၁၇ နှစ် ပြည့်​မှာ ဖြစ်တာ​ကြောင့်​ အသက်မပြည့်​သေး​တဲ့​ က​လေး​ငယ်ကို တပ်အရာရှိ​တွေက ပြန်လွှတ်​ပေး​ဖို့​ ​တောင်း​ဆိုပါတယ်။
Source : DVB


၄၂။ တိုက်ပွဲများ​ကြောင့်​ နယ်စပ်ကုန်သွယ်​ရေး ကျဆင်း

      ကချင်ပြည်နယ်အတွင်း ​ ဖြစ်ပွား​နေတဲ့​ တိုက်ပွဲ​တွေ​ကြောင့်​ တရုတ်မြန်မာ နယ်စပ် ကုန်သွယ်​ရေး​တွေ ကျဆင်း​နေသလို ကုန်သွယ်​ရေး​ကို မှီခို​နေတဲ့​ ​ထောင်နဲ့​ချီတဲ့​ ပြည်သူ​တွေရဲ့​ ဝင်​ငွေ​တွေလည်း​ ထိခိုက်​နေပါတယ်။

      တိုက်ပွဲဖြစ်တဲ့ ​ ခွင်​တွေဖြစ်တဲ့​ လွယ်ဂျယ်၊​ ဗန်း​မော်လမ်း​၊​ နန့်​ခမ်း​- ဗန်း​မော်လမ်း​၊​ လိုင်ဇာ၊​ မြစ်ကြီး​နား​၊​ ဗန်း​မော်လမ်း​တွေက တဆင့်​ မှောင်ခို တင်သွင်း​နေတဲ့​ အိမ်သုံး​ပစ္စည်း​၊​ အဝတ်အထည်၊​ ဆိုင်ကယ်၊​ ဟင်း​ချိုမှုန့်​၊​ လျှပ်စစ်ပစ္စည်း​၊​ ဘီယာ၊​ ကြက်သွန်ဖြူ အစရှိတဲ့​ တရုတ်ကုန်ပစ္စည်း​တွေ တင်သွင်း​နေတာကို ရပ်ဆိုင်း​ထား​ရတယ်လို့​ ​ဒေသခံ ကုန်သည်တဦး​က ​ပြောပါတယ်။

“အဲဒီဘက်​တွေက တိုက်ပွဲဖြစ်တဲ့​ခွင် ဖြစ်​နေ​တော့​ တနိုင်တပိုင်လုပ်စား​တဲ့​ ဆိုင်ကယ် သမား​တွေ၊​ ​မှောင်ခိုကား​လေး​တွေ၊​ ဝပ်​သောက် ကား​လေး​တွေနဲ့​ တနိုင်တပိုင် လုပ်စား​တဲ့​ ကုန်သည်​တွေ လုံး​ဝသွား​လို့​မရဘူး​။”

      တရုတ်နိုင်ငံက​နေ ဗန်း​မော်အထိ ​နေ့​စဉ်ကုန်သွယ်မှု တန်ဖိုး​က ကျပ်သိန်း​ထောင်ချီ ရှိတယ်လို့​ ​ဒေသခံကုန်သည်က ​ပြောပါတယ်။

      လွယ်ဂျယ်၊​ ဗန်း​မော် နယ်စပ်ကုန်သွယ်​ရေး​ လမ်း​ကြောင်း​လည်း​ အခုလ ၁၅ ရက်ကစပြီး​ လမ်း​တံတား​၊​ ဗုံး​ခွဲတိုက်ခိုက်ခံရလို့​ ပျက်စီး​နေပြီး​ ကုန်တင်ကား​ အသွား​အလာ ရပ်ဆိုင်း​ထား​ရပါတယ်။

      ဒါ​ကြောင့်​ ဗန်း​မော်ကို တရုတ်ကုန်ပစ္စည်း​တွေ မ​ရောက်ရှိတာနဲ့​ အမျှ ဗန်း​မော်ကတဆင့်​ သ​င်္ဘောနဲ့​ ကုန်ဖြန့်​ဖြူး​တာ​တွေပါ ရပ်တန့်​ပြီး​ ဗန်း​မော်သ​င်္ဘောဆိပ်ကို မှီခို​နေကြသူ​တွေပါ ဝင်​ငွေထိခိုက်ကုန်တယ်လို့​ ဆိုပါတယ်။

“ဗန်း​မော် လူဦး​ရေရဲ့​ တဝက်နီး​ပါး​လောက်က အဲဒီက နယ်စပ်ကုန်သွယ်​ရေး​မှာ ရပ်တည်ပြီး​နေတာပဲ။ အဲဒီမှာ ​ဈေး​သည်​တွေ၊​ ကုန်တင်ကုန်ချ အလုပ်သမား​တွေ၊​ ​နောက်ထပ်ကုန်သည်​တွေရှိမယ်။ သယ်ယူပို့​ဆောင်​ရေး​ပေါ့​၊​ သ​င်္ဘောဆိပ်နဲ့​ကလည်း​ ​ဝေး​တဲ့​အခါကျ​တော့​ ​ထော်လာဂျီတို့​၊​ ဆိုက္ကား​တို့​လိုမျိုး​ ယာဉ်​လေး​တွေပါ ရပ်ဆိုင်း​ကုန်တယ်။”

      မူဆယ်၊​ မန္တ​လေး​ လမ်း​ကြောင်း​က​တော့​ တိုက်ပွဲ​တွေနဲ့​ အလှမ်း​ဝေး​လို့​ နယ်စပ်ကုန်သွယ်​ရေး​ကို ထိခိုက်မှု မရှိ​ပေမယ့်​ မြန်မာ​ငွေတန်ဖိုး​ တက်​နေ​သေး​လို့​ တရုတ်ဘက်ပို့​ကုန်​တွေ မရှိသ​လောက် နည်း​ပါး​နေပါတယ်။

      ဒီက​နေ့​ တရုတ်-မြန်မာ ​ငွေလဲနှုန်း​က​တော့​ တယွမ်ကို ၁၂၃ ကျပ် ၄၅ ပြား​ ​ဈေး​ ​ပေါက်ပါတယ်။
Source : DVB


၄၁။ ကချင်ပြည်နယ် မန်ဂျေတိုက်ပွဲမှာ မြန်မာစစ်သား ၃ ဦးကျ

      မြန်မာ-KIA တိုက်ပွဲများ ဖြစ်ပွားနေဆဲ၊ နိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ် မန်မော်ခရိုင် မန်ဂျေ(မံစီ)မြို့နယ် ကြာသပတေးနေ့ နေ့ခင်း တိုက်ပွဲတွင် မြန်မာစစ်သား ၃ ဦး ကျဆုံးခဲ့သည်ဟု ရှေ့တန်း သတင်းမှ သိရသည်။

      မိနစ် ၂၀ ကြာတိုက်ပွဲမှာ စင်းခန်းအနီး မွန်းလွဲ ၂ နာရီခွဲခန့်တွင် ဖြစ်သည်ဟု KIA တပ်ရင်း ၁၂ မှ အရာရှိတစ်ဦး ပြောသည်။ KIA ဘက်ထိခိုက် ဒဏ်ရာရမှု မရှိဟု ဆိုသည်။

      တိုက်ပွဲအပြီး မြန်မာစစ်သား ရုပ်အလောင်း ၃ လောင်းအား မြန်မာစစ်သားများ ဂေါင်ရွန်ကျေးရွာသို့ သယ်ယူ သွားသည်ဟု မျက်မြင်များ ပြောသည်။
      မိုးကောင်း အခြေစိုက် ခလရ ၇၄ နှင့် KIA တပ်ရင်း ၁၂ တို့ တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်ဟု KIA အရာရှိများပြောသည်။

      ခလရ ၇၄ သည် မိုးကောင်း စစ်ဆင်ကွပ်ကဲရေးဌာနချုပ် (စကခ)-၃ လက်အောက်မှ ဖြစ်ပြီး ၎င်းတပ်က ဖားကန့်မြို့နယ်တွင် တာဝန်ကျစဉ် ကချင် လွတ်မြောက်ရေး အဖွဲ့ (KIO) အရပ်ဘက် အုပ်ချုပ်ရေး အရာရှိ ဆလန်ကဘာ မရောဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့အား မတ်လ ၂၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

      ဇွန် ၉ ရက် တွင် စစ်တပ် ကျောထောက် နောက်ခံ ဦးသိန်းစိန် အစိုးရမှ မန်မော် (ဗန်းမော်)ခရိုင် ဆန်ဂန်၌ KIA အား ထိုးစစ်ဆင်လာ ပြီးနောက် ကချင်ပြည်နယ်နှင့် ရှမ်းပြည် မြောက်ပိုင်း KIA ထိန်းချုပ်နယ်မြေ နေရာအနှံ့ တိုက်ပွဲများ ဖြစ်လာသည်။

      မြန်မာစစ်တပ်အား KIA က “ကျယ်ပြန့်သော ခုခံစစ်” ပေါ်လစီဖြင့် ဆက်ဆံ နေရကြောင်း KIA ခေါင်းဆောင်များ ဆိုပါသည်။
Source : KNG


၄၀။ မလေးရှားရောက် ကချင်တိုင်းရင်းသားများ ငြိမ်းချမ်းစွာဆန္ဒပြ

      အစိုးရစစ်တပ်မှ ကချင်ပြည်နယ်အတွင်း အကြမ်းဖက် ထိုးစစ်ဆင်မှုများ ပြုလုပ်နေမှုအပေါ် ကန့်ကွက်ရှုတ်ချကြောင်း မလေးရှားနိုင်ငံရောက် ကချင်တိုင်းရင်သားများမှ အကြမ်းမဖက် ဆန္ဒပြမှုကို ပြုလုပ်ခဲ့ကြပါသည်။ ဇွန်လ ၂၃ရက်နေ့က မြန်မာသုံရုံးအနီးရှိ ဦးသန့်လမ်း၊ ဂျလန် ပါစီယားရန်း အမ်ပန်း ဟီးလ်လာနှင့် ဂျလန်မက်ဂ် တို့တွင် ဆန္ဒပြခဲ့ခြင်း ဖြစ်ပါသည်။

Video : Myu Tsaw


၃၉။ SSA ဌာနချုပ်အနီး ရှေ့တန်းစခန်းတခု လက်လွှတ်ရ

VOA မြန်မာသတင်းဌာနနားဆင်ရန်
      ဒီရက်ပိုင်းအတွင်း မြန်မာအစိုးရ စစ်တပ်က ရှမ်းပြည်နယ် အလယ်ပိုင်း ကျေးသီးမြို့နယ် အတွင်းမှာ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ တပ်စခန်းတခုကို ထိုးစစ်ဆင် တိုက်ခိုက်ပြီး သိမ်းယူလိုက်ပါတယ်။ ဒီစခန်းဟာ ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ လက်ရှိဌာနချုပ် ဝမ်ဟိုင်းနဲ့ သီပေါမြို့နယ် အတွင်းက စိန်ကျော့ ဌာနချုပ်ဟောင်းတို့အကြား ဆက်သွယ်ရာလမ်းမှာ အရေးပါတဲ့ စခန်းတခုလည်း ဖြစ်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။

      ရှမ်းပြည်တပ်မတော် (SSA) မြောက်ပိုင်းရဲ့ တပ်စခန်းကို မြန်မာအစိုးရတပ်ဘက်က လက်နက် ကြီးတွေနဲ့ ပစ်ခတ် ထိုးစစ်ဆင် တိုက်ခိုက်ပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က သိမ်းယူလိုက်တာ ဖြစ်ပါတယ်။ ကျေးသီး မြို့နယ်အတွင်း ဖြစ်ခဲ့တဲ့ တိုက်ပွဲအခြေအနေကို ရှမ်းသံတော်ဆင့် သတင်းဌာနက အယ်ဒီတာ ဦးစိန်ကြည်က အခုလို ပြောပါတယ်။

“တာဖာဆောင်ဆိုတဲ့ ရွာနားမှာ နမ့်ဟဲန်ချောင်းပေါ့၊ အဲဒီချောင်းကို ဖြတ်ထားတဲ့ တံတားပေါ့။ အဲဒီတံတားမှာလည်း ကူးတို့ဆိပ် ရှိတယ်။ အဲဒီမှာ SSPP/SSA ရှမ်းတပ်က တပ်ချထားတယ်။ အဲဒီမှာ ခလရ ၂၂ ပေါ့၊ သူတို့က အရင်သွားတိုက်တယ်။ သွားတိုက်တော့ သူက အင်အားမလောက်လို့ ထင်တယ်၊ သူက ၆၀-၇၀ လောက်ပဲ ရှိတယ်။ အဲဒါ သူက မိုင်းရယ်ဘက်က စစ်ကူတောင်းတယ်၊ ခလရ ၆၇ က ကူတိုက်တယ်။ ရှမ်းတပ်ဘက်ကလည်း ၄၀-၅၀ လောက်ပဲ ရှိတာ၊ အများဆုံး။ သူတို့က ကြိုးကြား ကြိုးကြား ပစ်လိုက် ရပ်လိုက် ဖြစ်တာပေါ့။ တမြန်နေ့ ၂၁ ရက်နေ့ပေါ့နော်၊ တနေ့လုံး၊ ည ၁၀ နာရီခွဲကျမှ ရှမ်းတပ်က ဆုတ်ပေးတာ၊ လက်နက်ကြီးနဲ့ တအားထုတာကိုး။”

      ဒီနေ့ နေ့ခင်း ၂ နာရီလောက်မှာတော့ အစိုးရ စစ်တပ်တွေက ချောင်းကူးတံတားကို မီးရှို့ ဖျက်ဆီးလိုက်တယ်လို့ ပြောပါတယ်။ ဒီတိုက်ပွဲမှာ အစိုးရတပ်ဘက်က ၂ ယောက် ကျဆုံးပြီး SSA မြောက်ပိုင်းဘက်က တယာက် ကျဆုံးတယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။ အစိုးရတပ်ဘက်က အကျအဆုံးကိုတော့ သီးခြား အတည်ပြုချက် မရသေးပါဘူး။

      ဒီစခန်းကို သိမ်းယူနိုင်တာဟာ လက်ရှိ SSA မြောက်ပိုင်း ဌာနချုပ် ၀မ်ဟိုင်းနဲ့ သီပေါမြို့နယ် အတွင်းက အရင်ဌာနချုပ်ဟောင်း စိန်ကျော့အကြားက ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းချုပ်နိုင်လိုက်တာ ဖြစ်တယ်လို့ ဦးစိန်ကြည်က ပြောပါတယ်။

“ဝမ်ဟိုင်း ဌာနချုပ်ကနေ အရင် SSA အပစ်ရပ် မြောက်ပိုင်း ဌာနချုပ် စိန်ကျော့နဲ့ ကူးလူးဆက်ဆံ သွားလာတဲ့ လမ်းကြောင်းပေါ့။ အဲဒီမှာ တစိတ်တပိုင်း သူတို့ ပိတ်ဆို့ထားနိုင်တာပေါ့။”

      ရှမ်းပြည်နယ် တောင်ပိုင်းက ဒေသခံတွေရဲ့ အပြောအရဆိုရင် ဒီရက်ပိုင်းတွေ အတွင်းမှာပဲ SSA မြောက်ပိုင်းရဲ့ ဌာနချုပ် တည်ရှိရာ ဝမ်ဟိုင်းဒေသဘက်ကို မြန်မာအစိုးရဘက်က စစ်တပ်တွေ အများအပြား စေလွှတ်နေတယ်လို့လည်း ပြောပါတယ်။ ရှမ်းသံတော်ဆင့် သတင်းမှာတော့ အစိုးရတပ်တွေက ဝမ်ဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ ပြင်ဆင်နေတာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

      ဒီလအတွင်း SSA မြောက်ပိုင်းက သူတို့ရဲ့ အခြေစိုက်စခန်း ၃ ခုကို လက်လွှတ်လိုက်ရပြီ ဖြစ်ပါတယ်။ ဒီလ ၄ ရက်နေ့ကလည်း တန့်ယန်းနဲ့ မိုင်းရှူးအကြားက ၇ မိုင်စခန်းနဲ့ ဒီလ ၁၃ ရက်နေ့က သီပေါမြို့နယ် စိန်ကျော့ ဌာနချုပ်ဟောင်း အနီးက စခန်းတခုကို လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

      ဗိုလ်ချုပ် ပန်ဖ ဦးဆောင်တဲ့ အရင် အပစ်ရပ် SSA မြောက်ပိုင်း တပ်မဟာ ၁ အဖွဲ့ဟာ ပြည်သူ့စစ် အသွင်ပြောင်းဖို့ ငြင်းပယ်ပြီးတဲ့နောက် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) နဲ့ SSA ဆိုတဲ့ အမည်နဲ့ ပြောင်းလဲ ရပ်တည်ခဲ့ပါတယ်။

      ဒီနှစ် မတ်လအတွင်းမှာတော့ မြန်မာအစိုးရနဲ့ SSA မြောက်ပိုင်း တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပြီး မေလအတွင်းမှာတော့ ဒု-ဗိုလ်ချုပ်ကြီး ယွတ်ဆစ် ခေါင်းဆောင်တဲ့ SSA တောင်ပိုင်း တပ်ဖွဲ့တွေနဲ့ ပူးပေါင်းလိုက်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
Source : VOA


၃၈။ ရှမ်းပြည်တိုက်ပွဲသတင်းတို



၃၇။ မြန်မာစစ်တပ်နှင့်ကေအိုင်အို ဆန်ဂါဒေသအတွင်း တိုက်ပွဲဖြစ်

      တာပိန်ရေအားလျှပ်စစ် စီမံကိန်းအနီး မိုးမောက်မြို့နယ်၊ ဆန်ဂါဒေသမှာ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) နဲ့ မြန်မာစစ်တပ် ဒီကနေ့ နေ့လယ်က နှစ်ဖက်အကြား တိုက်ပွဲ ပြန်ဖြစ်နေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။

      ကေအိုင်အို၊ တပ်မဟာ ၃ လက်အောက်ခံ တပ်ရင်း ၁၅ နဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံအခြေစိုက် အမှတ် ၇ စစ်ဆင်ရေးကွပ်ကဲမှုစစ်ဌာနချုပ် (စကခ) လက်အောက်ခံ ရှေ့တန်းတပ်တွေနဲ့ နေ့လည် ၁ နာရီ ကျော်လောက်ကစပြီး တိုက်ပွဲဖြစ်နေတာပါလို့ ကေအိုင်အိုပြောခွင့်ရသူ ဦးလနန်က ပြောပါတယ်။

“ခဏလေးပါ။ နာရီဝက်ပါပဲ။ တပ်ရင်း ၁၅ ပေါ့နော်။ ဆန်ဂါရွာမှာ ရှိတဲ့ နအဖတပ်တွေကို သွားပြီးတော့ ပစ်ခတ်တာပါ။ အဲဒီမှာ သူတို့ဘက်က တယောက်ကျသွားတယ်။”
      မနေ့ညနေပိုင်းကလည်း ပူတာအိုခရိုင်၊ မလိခမြစ်နဲ့ ခရန်ခချောင်းအကြား ဒေသအတွင်း ကေအိုင်အိုတပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နဲ့ ပူတာအိုဘက်က မြန်မာစစ်တပ်အကြား တိုက်ပွဲဖြစ်ခဲ့သေးသလို ဒီကနေ့လည်း တိုက်ပွဲ ဆက်ဖြစ်တယ်လို့ သူက ပြောပါတယ်။

“ဒီမနက်ပိုင်းက ဆွမ်ပရာဘွမ်သွားတဲ့ ကားလမ်းပေါ်မှာ ဖြစ်သွားတယ်။ ဧရာဝတီမြစ်ဖျား၊ မလိခမြစ်ဖျားဘက်မှာ ဖြစ်တယ်။ ဒီမနက် ၁၁ နာရီ ၄၅ ကနေပြီးတော့ နှစ်နာရီနီးပါးအထိ တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ ခလရ ၁၃၈ နဲ့ ကျနော်တို့တပ်ရင်း (၂၂) တို့ ဖြစ်တယ်။ အဲဒီမှာ သူတို့ဘက်က ရဲဘော်တယောက် တပ်သားတယောက် ဆုံးသွားတယ်။ နောက်ပြီးတော့ ငါးဦးက ထိခိုက်ဒဏ်ရာရသွားတယ်။ ခုတော့ ပြီးသွားပါပြီ”

      ဝိုင်းမော်မြို့နယ်မှာ ဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ဦးလနန်က အခုလို ပြောပါတယ်။

“ဒီမနက် ၇ နာရီ ၁၅ မှာ ဝိုင်းမော်မြို့နယ်ထဲက ဆမားခံတပ်မှာရှိတဲ့ ခလရ ၃၁၈ မှာ ကျနော်တို့ဘက်က လှုပ်ရှားတပ်ရင်း ၂၅၃ နဲ့  ဖြစ်ကြသေးတယ်။ သူတို့ဘက်က ၂ ယောက်ထိတယ်။ ဒဏ်ရာပြင်းတယ်ထင်တယ်။ သူတို့ဘက်က လက်နက်ငယ်နဲ့ အကြိမ်ပေါင်း ကျည်ဆန် ၁၀၀၀ လောက်၊ မော်တာ အလုံး ၂၀ လောက်နဲ့ ပစ်တယ်။”

      မြန်မာစစ်တပ်က ဧရာဝတီမြစ်ကြောင်းအတိုင်း မန္တလေးဘက်မှ သင်္ဘောတွေနဲ့ ဆန်တက်လာကာ သပိတ်ကျင်းမှတဆင့် မိုးမိတ်ကိုဖြတ်ကာ ကေအိုင်အို တပ်မဟာ ၃ နယ်မြေဘက်နဲ့ ကချင်ပြည်နယ်၊ ဆင်ဘိုမြို့ အရှေ့ဘက်ကမ်း ငှက်ပျောတော ကျေးရွာကတဆင့် ကေအိုင်အိုဌာနချုပ် လိုင်ဇာဘက်တွေကို ချီတက်လာနေတယ်လို့ စစ်ဘက်နဲ့နီးစပ်တဲ့ သတင်းရပ်ကွက်က ပြောပါတယ်။

      မြန်မာစစ်တပ်က ကေအိုင်အိုကို ထိုးစစ်ဆင်မှုတွေ ရပ်နားထားတယ်ဆိုတဲ့ သတင်းတွေ ပေါ်ထွက်နေပေမယ့် ကေအိုင်အို ရှေ့တန်းတပ်စခန်းအနီး ရောက်ရှိနေတဲ့ ရှေ့တန်းတပ်တွေ ပြန်လည် မရုပ်သိမ်းသေးသလို အခုလို စစ်တပ်အင်အား ထပ်မံ ဖြည့်နေတာလည်း ဖြစ်ပါတယ်။
Source : DVB


၃၆။ ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွား

ချင်းမိုင် (မဇ္စျိမ) ။ ။ ကချင်ပြည်နယ် ပူတာအိုမြို့နယ် မလိခ ရန်ဝလောင် ဒေသတွင် ခြေလျင်တပ်ရင်း ၁၃၉ နှင့် ကချင်လွတ်မြောက်အဖွဲ့ KIO မှ တပ်ရင်း ၇ တို့ ဗုဒ္ဓဟူးနေ့ ညနေမှစ၍ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

      ကြာသပတေးနေ့ မနက်တွင်လည်း တိုက်ပွဲငယ် တရပ် ထပ်ဖြစ်သေးသော်လည်း နှစ်ဖက် ထိခိုက်ကျဆုံးမှုကို မသိရသေးကြောင်း KIO ၏ ကချင်လွတ်မြောက်ရေးတပ် KIA မှ အရာရှိတဦးက ပြောသည်။

      မိုးမိတ်၊ ပူတာအို၊ ဝိုင်းမော်နှင့် မြစ်ဆုံရေကာတာ စီမံကိန်းရှိရာ တန်ဖရဲကျေးရွာမှ မိုင် ၂ဝ ခန့်အကွာရှိ တန်ယန်ဇွပ်ကျေးရွာ အနီးတွင်လည်း တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

      အစိုးရတပ်များ မြစ်ကြီးနားနှင့် ဗန်းမော်တို့တွင် တိုးချဲ့ချထားသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောသည်။

      KIO က ဖမ်းဆီးထားသော စစ်သုံ့ပန်းများကိုမူ ပြန်လွှတ်ပေးလိုက်ပြီဟု ဆိုသည်။ ဇွန် ၁၆ ရက်နေ့တွင် နမ္မတူမြို့နယ်မှ တပ်ရင်း ခလရ ၃၄၂ စခန်းမှူး သီဟနိုင် ခေါ် သက်နိုင်အောင် အပါအဝင် တပ်သား ၂ ဦးနှင့် အရပ်သား ၃ တို့ကို ဇွန်လ ၁၉ ရက်နေ့မှာ ပြန်လွတ်ပေးလိုက်ပြီဟု ဦးလနန်က ပြောသည်။

      ထို့အပြင် ဇွန်လ ၉ ရက်နေ့ တိုက်ပွဲများ ဖြစ်ပွားနေချိန် သတင်းပေးဟု သံသယရှိသဖြင့် အဖမ်းခံထားရသူ အရပ်သား ၈ ဦးကိုလည်း ဇွန်လ ၁၈ ရက်နေ့ကတည်းက ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။
Source : Mizzima


၃၅။ ရှမ်း​ပြည်တပ်မ​တော်နှင့်​ အစိုး​ရတပ် တိုက်ပွဲဆက်လက်ဖြစ်ပွား

      ဌာ​နေပြည်သူ့ စစ်အသွင်း​ပြောင်း​ဖို့​ ငြင်း​ဆန်ခဲ့​တဲ့​ ရှမ်း​ပြည်တပ်မ​တော်နဲ့​ အစိုး​ရ တပ်တို့​ကြား​ တိုက်ပွဲ​တွေ ဆက်တိုက်ဖြစ်ပွား​နေရာမှာ ရှမ်း​ပြည်​တောင်ပိုင်း​ ဝမ်ဟိုင်း​ဌာနချုပ်အနီး​က ​ကျေး​သီး​မြို့နယ်ထဲမှာ ဇွန် ၂၂ ရက်အထိ တိုက်ပွဲဖြစ်​နေပါတယ်။

      တိုက်ပွဲက ရှမ်း​ပြည်တပ်မ​တော် ဝမ်ဟိုင်း​ဌာနချုပ်ရဲ့ အ​နောက်ဘက် ၁၀ မိုင်အကွာ ဖာ​ဆောင်ဆိုတဲ့​ တံတား​နား​မှာ ဖြစ်ပွား​နေတာပါ။
      ရှမ်း​ ပြည်တပ်မ​တော် တပ်မဟာ ၁၈၇ နဲ့​ ၇၂၆ တို့ လှုပ်ရှား​နေတဲ့​ အဲဒီနယ်​မြေမှာ အစိုး​ရ ​ခြေလျင်တပ်ရင်း​ ၁၄၇ နဲ့​ တိုက်ပွဲဖြစ်ခဲ့​တာဖြစ်ပြီး​ နှစ်ဘက်စလုံး​က အင်အား​ ၇၀ ​ကျော်​လောက်စီ ရှိကြတယ်လို့​ ရှမ်း​ပြည်တပ်မ​တော်ရဲ့ တပ်မှူး​တ​ယောက်က ​ပြောပါတယ်။

      မ​နေ့ မနက် ၇ နာရီခွဲက​နေ စတင်တဲ့​ ပစ်ခတ်မှု​တွေဟာ ည ၁၁ နာရီ​ကျော်မှာ ရပ်တန့်ရာက ဒီ​နေ့မနက်မှာ ဆက်လက်တိုက်ခိုက်​နေကြပြီး​ နှစ်ဘက် ထိခိုက်ကျဆုံး​မှု ရှိတယ်လို့​ ​ပြောပါတယ်။

      အခုတိုက်ပွဲဖြစ်တဲ့ ​နေရာနဲ့ ၁ မိုင်​လောက်အကွာမှာ ​ကျေး​သီး​အ​ခြေစိုက် အစိုး​ရတပ်ရင်း​ ခလရ ၂၂ နဲ့ ခလရ ၆၇ က အင်အား​ဖြည့်​တင်း​ ​နေရာယူထား​တယ်လို့ ​ဒေသခံက ​ပြောပါတယ်။

      တိုက်ပွဲဖြစ်​ နေတဲ့​တဝိုက်မှာ ဖာ​ဆောင်၊​ ငူး​လိုမ်၊​ ​ကောင်း​လင်း​ စတဲ့​ရွာငယ်​လေး​တွေ ရှိ​နေပြီး​ တိုက်ပွဲဖြစ်ရင် ရှမ်း​စစ်သား​အ​ကြောင်း​ သတင်း​မေး​ခံရတာ၊​ သူပုန်​ထောက်ပံ့​အား​ပေး​တာလို့ စွပ်စွဲပြီး​ နှိပ်စက်ခံ​နေရတဲ့​အတွက် အထိတ်တလန့်နဲ့ ​နေ​နေကြရတယ်လို့​ ဆိုပါတယ်။

      ဇွန် ၂၀ ရက်ကလည်း​ ရှမ်း​ပြည်တပ်မ​တော် ဝမ့်​ဟိုင်း​ဌာနချုပ်ရဲ့ အ​နောက်ဘက် ​ကျေး​သီး​မြို့နယ်နဲ့​ ​မြောက်ဘက် မိုင်း​ရယ်မြို့နယ်​တွေဘက်မှာ အစိုး​ရတပ်ဘက်က ဝိုင်း​ရံထား​ပြီး​ ဝမ်ဟိုင်း​ဌာနချုပ်ကို သိမ်း​ပိုက်ဖို့ ကြိုး​ပမ်း​နေတယ်လို့ နယ်စပ် စစ်ဘက်သတင်း​တွေက ​ဖော်ပြပါတယ်။
Source : DVB


၃၄။ ရှမ်းပြည်တပ်မတော် နှင့် အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ

      ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင်း အခုလ ၂၁ ရက်နေ့က စတင်ဖြစ်ပွားတဲ့ ရှမ်းပြည်တပ်မတော်နဲ့ မြန်မာအစိုးရတပ်ကြားတိုက်ပွဲဟာ အခုအချိန်အထိ နှစ်ဖက်တင်းမာနေဆဲ ဖြစ်ပါတယ်။

      ကျေးသီးမြို့နယ် ဝမ့်ဝပ်ကျေးရွာအုပ်စု တာ့ဖာဆောင်တံတားနားမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့မနက်ပိုင်းက စဖြစ်ပွားခဲ့တဲ့တိုက်ပွဲဟာ ဒီကနေ့မနက်အထိလည်း သေနတ်သံတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ ရင်ဆိုင် တိုက်ပွဲမျိုး မဟုတ်ဘဲ တဘက်နဲ့ တဘက် အပြန်အလှန် ဝိုင်းရံထားတဲ့ ပုံစံဖြစ်နေတာပါ။
      ရှမ်းပြည်တပ်မတော် တပ်မဟာ ၇၂၆ က ခြေကုပ်ယူထားတဲ့ တာ့ဖာဆောင် စခန်းကို မြန်မာအစိုးရ ခလ၇ ၁၄၇ က တပ်အင်အား ၇၀ လောက်က ဝိုင်းထားတယ်။ အဲဒီအစိုးရတပ်ကို ရှမ်းပြည်တပ်မတော် တပ်မဟာ ၃၆ အဖွဲ့က ပြန်ပြီး ဝိုင်းထားတယ်လို့ ရှမ်းပြည်တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

      နောက်ထပ်ရောက်လာတဲ့ ခလရ ၂၂၊ ၂၈၆၊ ခမရ ၅၀၄၊ ၃၂၅ စတဲ့တပ်ရင်းတွေရော ရှမ်းပြည်တပ်မတော်က တပ်ရင်းတွေပါ မိုင်းရယ်၊ မိုင်းရှုး၊ ကျေးသီးစတဲ့ မြို့နယ်တွေရဲ့အစပ် မိုင်းတုံ၊ မိုင်းလား၊ မလန်း၊ ကိုင်ဖိုက်၊ နမ့်ပုတ် စတဲ့ရွာတွေအနီးမှာ တနေရာစီ အပြန်အလှန် ဖြန့်ကြက် နေရာယူထားကြတယ်။

      ဒီလို အပြန်လှန်ဝိုင်းရံမှုတွေမှာ နောက်ထပ် ရင်ဆိုင်တိုက်ပွဲ မဖြစ်ပေမယ့် သေနတ်သံတွေတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

      လက်ရှိ အပြန်လှန် ဝိုင်းရံမှုဖြစ်တဲ့ဒေသမှာ လွင်ပြင်ကြီး ဖြစ်နေတာကြောင့် စစ်ရေးအရ တိုက်ပွဲဖြစ်ရင် ထွက်ပေါက်မရှိဘဲ ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း အဲဒီတပ်မှူးက ပြောပါတယ်။

      ဇွန်လ ၂၁ နဲ့ ၂၂ ရက်နေ့က ဖြစ်တဲ့တိုက်ပွဲအတွင်း အစိုးရတပ်ဘက်က ၃ ယောက်ကျပြီး ၇ ယောက် ဒဏ်ရာရခဲ့ပြီး ရှမ်းတပ်မတော်ဘက်က ၁ ယောက် ဒဏ်ရာရတယ်လို့ အဲဒီရှမ်းတပ်မှူးကပဲ ပြောပါတယ်။

      ရှမ်းပြည်တပ်မတော် ဌာနချုပ်ရှိရာ ဝမ့်ဟိုင်းတဝိုက်မှာတော့ ဒေသခံရွာသားတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာကြောင့် ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း ဆိုပါတယ်။

      အဲဒီ ရွာသားတွေဟာ မိမိနီးစပ်ရာ ဆွေမျိုးတွေရှိရာ မိုင်းရှူးမြို့ဘက်ကို ထွက်သွားကြသလို တချို့ကတော့ ထိုင်းနိုင်ငံဘက် ကူးလာတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
Source : DVB


၃၃။ ဆွမ်ပရာဘွမ်လမ်းဗုံးခွဲမှု မြန်မာအစိုးရတပ် ၁ ဦးကျ ၅ ဦးဒဏ်ရာရ

      ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင် ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) ရှိရာသို့ ဆွမ်ပရာဘွမ်လမ်းမှ ဦးတည်လာသည့် မြန်မာအစိုးရတပ်သည် KIA ဗုံးကြောင့် ၁ ဦးကျ၍ ၅ ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီဝင် တွဲဖက်အတွင်းရေးမှူး ဦးလနန်ပြောသည်။

      KIA တပ်မဟာ (၁) တပ်ရင်း (၇) နယ်မြေတွင်းတက်လာချိန် မြန်မာတပ်တွေဖက်က ထိခိုက်သွားခြင်း ဖြစ်သည်ဟုပြောသည်။
ဇွန် ၉ ရက်၊ မြန်မာစစ်တပ်မှ KIAအား စတင်ထိုးစစ်ဆင်ပြီးနောက် ကျယ်ပြန့်သောခံစစ် ပေါ်လစီကို KIA ကျင့်သုံးနေရကြောင်း KIA အရာရှိများပြောပါတယ်။

“ခလရ ၁၃၈ နဲ့ပါ မြန်မာတပ်ဖက်က သူတို့တပ်က တစ်ယောက်သေတယ် ၅ယောက် ဒဏ်ရပါတယ်။ ကျွန်တော်တို့ဖက်က ဘာမှမဖြစ်ပါဘူး။ မြန်မာစစ်တပ် ကားတစ်စီး ပျက်စီးသွားတယ်။ အခုတိုက်ပွဲဖြစ်နေတဲ့ နေရာမှာတော့ ဘာမှမဖြစ် သေးပါဘူး။ အခုက ဆွမ်ပရာဘွမ်တက်လာတဲ့လမ်းမှာဖြစ်တာပါ။”

      မြန်မာစစ်တပ်ဘက်မှ ၄င်းအကျအဆုံးနှင့်ပတ်သက်၍ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

      တိုက်ပွဲဖြစ်ပွားနေသည့် ပူတာအိုခရိုင်တွင် ကချင်တိုင်းရင်းသား ရဝမ်၊ လီဆူး၊ ဂျိန်းဖော့ (Duleng) လူမျိုးစုများအများစု နေထိုင်ပြီး မြန်မာအစိုးရစစ်တပ်မှလည်း ၄င်းနယ်မြေတွင်းဒေသခံများအား တပ်သား အဖြစ် စုဆောင်းထားခဲ့သည်ဟု ဒေသခံများပြောသည်။

      နှစ်ဖက်တိုက်ပွဲဖြစ်ပွားချိန်တွင် အဓိကနယ်မြေကျွမ်းကျင်သော ကျေးရွာဒေသခံများကိုသာ အသုံး ပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်းလည်း KIO ဌာနချုပ်အဖွဲ့ဝင်တစ်ဦး ပြောဆိုသည်။

“အဲဒီနေရာဖက်မှာ သူတို့က ရ၀မ်တိုင်းရင်းသားတွေကိုစည်းရုံးထားတာတွေရှိတယ်။ ပြီးတော့ လီဆူတိုင်းရင်းသားတွေကို စည်းရုံးထားတာတွေလည်းရှိတယ်။ သူတို့နဲ့ တိုက်ခိုက် တာလည်းပါတာပေါ့။ ဦးဆောင်တဲ့ တပ်ကတော့ သူတို့ပဲ ဦးဆောင်တာပေါ့။ များသောအားဖြင့်တော့ တိုင်းရင်းသားတွေလည်း ပါလိမ့်မယ်။”

      နှစ်ဖက်တပ်များ ဆုတ်ခွာသွားခြင်း မရှိသေးသောကြောင့် ဒေသခံ ပြည်သူ လူထုများသည် သေနတ်သံကြောင့် နီးစပ်ရာတော ပတ်ဝန်းကျင်သို့ ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရသည်။

      ကချင်တပ်နှင့် မြန်မာအစိုးတပ်များ တိုက်ပွဲမရပ်မနား ဖြစ်နေခြင်းကြောင့် KIO ထိန်းချုပ် နယ်မြေတွင်းသို့ ထွက်ပြေးခိုလှုံနေသူ စစ်ပြေးဒုက္ခသည် ၂၀၀၀၀ ကျော်ရှိနေကြောင်း ဒုက္ခသည် စောင့်ရှောက်မှု အဖွဲ့မှသိရသည်။
Source : KNG


၃၂။ လိုင်ဇာဒုက္ခသည်စခန်းမှ ကျောင်းသားများ စာသင်ရန် အခက်အခဲရှိနေ

      ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုဌာနချုပ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည် ကျောင်းသားများ ကျောင်းဆက်တက်နေရသော်လည်း စာရေးကိရိယာမလုံလောက်မှု အခက်အခဲများ ဖြစ်ပေါ်နေသည်ဟု ကျောင်းဆရာတစ်ဦး ပြောသည်။

“မြေဖြူလောက်တော့ ရှိတယ်။ စာအုပ်မရှိကြဘူး၊ ရှိတာကို ချိချိနဲ့နဲ့ သုံးနေကြတယ်။ စာရေးကိရိယာတွေ မရှိတော့ အဆင်မပြေကြဘူး။ အဲ့တာကြောင့် ဆရာက မှာလိုက်တယ် ဦးနှောက်မှာ ပဲ ထည့်မှတ်ကြလို့ ပြောလိုက်တယ်။”
ကေအိုင်အို လိုင်ဇာဒုက္ခသည်စခန်းတခု။ (ဓါတ်ပုံ - KNG)

      ဒုက္ခသည် စခန်းမှ ကျောင်းသားဦးရေ (၄၁၂) ဦးရှိပြီး လိုင်ဇာအနီး မြန်မာစစ်တပ် ထိန်းချုပ်နယ်မြေရှိ လဝါယန်ကျောင်းနှင့် မိုင်ဆပ်ပါကျောင်းမှ ကျောင်းသားဦးရေ (၁၈၀)ဦး ရှိသည်။

      ၎င်းကျောင်းသားများအား လိုင်ဇာ အထက်တန်းကျောင်း၊ အလယ်တန်းနှင့် သာသနာကျောင်းတို့တွင် မနက်၊ ညကျောင်းချိန် နှစ်ချိန် ခွဲကာ ကျောင်းတက်စေသည်။

      KIO ပညာရေးကျောင်းများအား ဇွန်လ (၁၄)ရက်နေ့မှ (၆)ရက်ကြာ ခေတ္တ ပိတ်ပင်ထားပြီး KIO ပညာရေးဌာနမှ ပြန်လည်ဖွင့်ပေးခဲ့ခြင်းဖြစ်သည်။ သို့သော် KIA တပ်မဟာ (၃)ရှိ မိုင်ဂျာယန် အထက်တန်းကျောင်းကိုမူ ပိတ်ထားဆဲ ဖြစ်သည်။

“ဇွန်၂၅ရက်နေ့မှာ ဗဟိုဌာနချုပ်နဲ့ တိုင်ပင်ပြီး မိုင်ဂျာယန်ကျောင်း ပြန်ဖွင့်မဖွင့်ကို ဆုံးဖြတ်ပေးမှာ ဖြစ်တယ်။” ဟု မိုင်ဂျာယန် ကချင်အလင်း (WPN) အဖွဲ့ဝင်မှ ပြောသည်။

      ကျောင်းသားများအရေး ဆောင်ရွက်ပေးနေသည့် တာဝန်ရှိသူများမှာ လိုအပ်သည့် သင်ထောက်ကူပစ္စည်းများနှင့် စာရေးကိရိယာများ ပေးကမ်းလိုသည့် စေသနာရှင်များအား အစီရင်ခံစာ ထုတ်ဝေရန်လည်း စီစဉ်နေသည်။
Source : KNG


၃၁။ ပူတာအိုခရိုင်တွင် မြန်မာတပ်နှင့် KIA တိုက်ပွဲစတင်လာ

      ကချင်ပြည်နယ်မြောက်ပိုင်း ပူတာအိုခရိုင်၊ မလိခမြစ်နှင့် ခရန်ခမြစ် ကြား (Mali-Hkrang Walawng)ဒေသတွင် ဇွန် ၂၂၊ ယနေ့ ဗုဒ္ဓဟူး ဒေသစံတော်ချိန် ညနေ ၄ နာရီခွဲမှ စတင်ပြီး မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲစတင် လာသည်။

      KIA တပ်မဟာ ၁ လက်အောက်ခံ တပ်ရင်း ၇ နှင့် ပူတာအိုမှ မြန်မာစစ်တပ်ကြား ခရန်ခ မြစ်ညာတွင် တိုက်ပွဲဖြစ်ခြင်းဖြစ်သည်ဟု တပ်မဟာ ၁ သတင်းရပ်ကွက်ကဆိုသည်။
      ယခုချိန်ထိ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်သည်ဟု လိုင်ဇာဌာနချုပ်မှ KIA အရာရှိတစ်ဦးကလည်း ကချင်သတင်းဌာန သို့ အတည်ပြုပြောဆိုသည်။

      ဇွန် ၉ ရက် မြန်မာ-KIA တိုက်ပွဲများစတင်လာကာ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ မြန်မာစစ်တပ်နှင့် KIA ကြား တိုက်ပွဲများ နေရာအနှံ့ဖြစ်လာသည်။
Source : KNG


၃၀။ မြစ်ကြီးနား နန်းကွေ့ သံလမ်းတံတား KIA ဖျက်ဆီး

      မြစ်ကြီနား - မန္တလေး ရထားလမ်း မြစ်ကြီးနားမြို့အထွက် Nam Koi (နန်းကွေ့)ချောင်းဖြတ် ပေ ၁၀၀ ကျော် သံဘောင် ရထားလမ်း တံတားအား KIAမှ ဇွန် ၂၂၊ ဗုဒ္ဓဟူးနေ့ ညသန်းခေါင်ကျော်ချိန် ဗုံးပေါက်ကွဲ ဖျက်ဆီးခဲ့သည်။

      ဒေသခံများပြောပြချက်အရ ချောင်းတံတား ကျိုးပြတ်သွားကြောင်း သိရသည်။
      မြန်မာအစိုးရသည် အဓိက ရထားနှင့် သင်္ဘောလမ်းကို အသုံးပြုပြီး ၎င်း၏ စစ် အင်အားနှင့် လက်နက်များကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။
Source : KNG


၂၉။ ကချင်မြို့တော် မြစ်ကြီးနားမြို့ပေါ် ဗုံးများ ဆက်တိုက်ပေါက်ကွဲ

      မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် မြို့တော်မြစ်ကြီးနား မှအမှတ် (၁) ရဲစခန်းနှင့် မြစ်ကြီးနားမြို့နယ် လူဝင်မှုကြီးကြပ် ရေးရုံးတွင် ယမန်နေ့ ဇွန် ၂၁ ရက် ည ၁၁ ကျော်ချိန် ဗုံးများ ဆက်တိုက်ပေါက်ကွဲခဲ့သည်။

မြို့ခံတစ်ဦးက “ငါတို့ဆိုင်နားမှာပဲ ၃ အိမ်ပဲခြားတယ် ငါတို့အိမ်က ပုလင်းတွေတောင် ကျကွဲတယ်” ဟု ပြောသည်။

“လဝက ကတော့ဟုတ်တယ် သွားကြည့်ပြီ အမိုးတွေပွင့်ပြီ မှန်တွေကွဲကုန်ပြီး တံခါးတွေလည်း ပျက်သွားတယ်” ဟု လဝက (လူဝင်မှုကြီးကြပ်ရေး)ရုံး ဗုံးပေါက်ကွဲမှုကို သွားရောက်ကြည့်ရှုခဲ့သူ နယ်ခံတစ်ဦးပြောသည်။

      သို့သော် ယင်းပေါက်ကွဲမှုများကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးမှုမရှိကြောင်း သိရသည်။

      ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) က ၎င်းတို့် ဖေါက်ခွဲခြင်းဖြစ်သည်ဟု ကချင်သတင်းဌာနသို့ ပြောသည်။

      KIA မှ ပြည်တွင်းစစ်ဖြစ်ပေါ်လာနိုင်သည်ဟု မြန်မာအစိုးရအား ဇွန် ၁၃ ရက် က ရာဇသံပေးပြီးနောက် ၎င်းတို့တပ်ဖွဲ့ဝင်များအား အစိုးရနှင့်ပတ်သက်သောနေရာဌာနများကို ဖျက်ဆီးရန် ခွင့်ပြုထားသည်ဟု ဆိုသည်။
Source : KNG


၂၈။ ကချင်အမျိုး​သမီး​ ၁၈ ဦး​ အဓမ္မပြုကျင့်​ခံရ

      အစိုး​ရတပ်​တွေက ​ကေအိုင်​အေနဲ့ ဖြစ်တဲ့​ စစ်ပွဲကာလ ၉ ရက်အတွင်း​မှာ ကချင်း​အမျိုး​သမီး​ ၁၈ ဦး​ကို မုဒိမ်း​ကျင့်​ပြီး​ အဲဒီထဲက ​လေး​ဦး​ကို သတ်ဖြတ်လိုက်တယ်လို့ ထိုင်း​အခြေစိုက် ကချင်အမျိုး​သမီး​အစည်း​အရုံး​က ထုတ်ပြန်လိုက်ပါတယ်။

      ဇွန်လ ၁၀ ရက်​နေ့​က​နေ ၁၈ ရက်​နေ့အထိ အစိုး​ရတပ် ထိုး​စစ်ဆင်ရာ လမ်း​ကြောင်း​တ​လျှောက်မှာ ဖြစ်ပွား​တာလို့ အဲဒီ​ကြေညာချက်က ​ဖော်ပြပါတယ်။
ကချင်အမျိုးသမီး ၁၈ဦး အဓမ္မပြုကျင့် ခံရသည့် နေရာပြမြေပုံ


      ကချင်အမျိုး​ သမီး​အဖွဲ့ရဲ့ ကြီး​ကြပ်​ရေး​မှူး​ ရှယ်လီစမ်း​က “တိုက်ပွဲဖြစ်​နေတဲ့​ ကချင်ပြည်နယ် ဗန်း​မော် အ​ရှေ့ပိုင်း​ စစ်လမ်း​သွား​နေတဲ့​တ​လျှောက် ​လေး​ငါး​နေရာ​ပေါ့​။ အမျိုး​သမီး​တွေကို ​တွေ့​ရင် မုဒိမ်း​ကျင့်​ပြီး​ သတ်ပစ်တာ ရှိတယ်။ အဲဒီမှာ ပြထား​တာက ၁၈ ဦး​ ဆိုတာကလည်း​ ကျမတို့ ပိုပြီး​ ​သေချာတဲ့​ဟာကိုပဲ ထည့်​ထား​တယ်။ ကျမတို့ ကြား​တာက​တော့​ ၂၅ – ၃၀ ​လောက်​တော့​ ရှိတယ်။ ကျမတို့ အခု ရထား​တာက​တော့​ စစ်​ပြေး​တွေ၊​ ​နောက် ​ပေါ်တာ​တွေ လာ​ပြောပြလို့ သိရတယ်။ ​နောက် ​ကေအိုင်​အေ ရဲ​ဘော်​တွေ ​တွေ့​မြင်တဲ့​ဟာ ​ပြောပြတယ်။”

      တိုက်ပွဲဖြစ်တဲ့ ​ ကချင်ပြည်နယ် ဗန်း​မော် အ​ရှေ့ဘက် ​ဒေသအတွင်း​မှာ အစိုး​ရတပ် အ​ခြေချရာလမ်း​တလျှောက်မှာ ဖြစ်ပွား​ခဲ့​တာလို့ သူက ​ပြောပါတယ်။

      မ​နေ့က ထုတ်ပြန်တဲ့​ ကချင်အမျိုး​သမီး​အဖွဲ့ရဲ့ စွပ်စွဲ​ပြောဆိုချက်နဲ့ ပတ်သက်လို့ မြန်မာ့​တပ်မ​တော်ဘက်က​ရော၊​ အစိုး​ရဘက်ကပါ တုံ့ပြန်​ပြောဆိုတာ မရှိ​သေး​သလို ဆက်သွယ်​မေး​မြန်း​လို့လည်း​ မရပါဘူး​။

      အစိုး​ရတပ်​တွေရဲ့ အဓမ္မပြုကျင့်​သတ်ဖြတ်မှု​တွေကို နိုင်ငံတကာက လျစ်လျူမရှုသင့်​ဘဲ ဖိအား​ပေး​ကြဖို့ ရှယ်လီစမ်း​က တိုက်တွန်း​ပါတယ်။

“​ကောင်မ​လေး​ သုံး​ယောက်ကို သတ်လိုက်တယ်။ ​နောက်တ​ယောက်က အမျိုး​သမီး​ပဲ​လေ၊​ သူ့အမျိုး​သား​ရှေ့မှာပဲ မုဒိမ်း​ကျင့်​ပြီး​ သတ်လိုက်တယ်။ သူ့ကို​တော့​ ​ပေါ်တာဆွဲသွား​တယ်။ အဲဒါ​တော့​ စိတ်နာဖို့ ​ကောင်း​ပါတယ်။ ဗမာပြည်မှာ အခုက ငြိမ်း​ချမ်း​သာယာစွာ​နေပါ့​မယ်၊​ ဒီမိုက​ရေစီသစ် ထူး​ထောင်မယ်ဆိုပြီး​ ​ရွေး​ကောက်ပွဲ ပြီး​တာလည်း​ မကြာ​သေး​ဘူး​လေ။ စစ်အစိုး​ရကလည်း​ အစိုး​ရကို အာဏာအပ်ပြီ ဆို​ပေမယ့်​ အခုက ဘာမှ မထူး​ဘဲနဲ့ ​နေရာတကာ တိုင်း​ရင်း​သား​နယ်​မြေတ​လျှောက်မှာ စစ်ထိုး​နေပြီး​မှ ပြည်သူလူထုကို ဒုက္ခ​ပေး​နေတဲ့​ အစိုး​ရကို နိုင်ငံတကာက ဖိအား​ပေး​ဖို့ လိုလား​တာ​ပေါ့​။”

      ဒီလို စစ်ပွဲအတွင်း​ အမျိုး​သမီး​တွေကို အဓမ္မပြုကျင့်​တာဟာ နိုင်ငံတကာက သတ်မှတ်ထား​တဲ့​ စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုကို ချိုး​ဖောက်တာဖြစ်တယ်လို့​ ထိုင်း​အ​ခြေစိုက် လူ့အခွင့်​အ​ရေး​ ပညာ​ပေး​ဌာန (မြန်မာနိုင်ငံ) ဒါရိုက်တာ ဦး​အောင်မျိုး​မင်း​က ​ဝေဖန်လိုက်ပြီး​ ချက်ချင်း​ရပ်တန့်​ပေး​ဖို့​ ​တောင်း​ဆိုလိုက်ပါတယ်။

“မြန်မာနိုင်ငံ အ​နေနဲ့ အခုလိုမျိုး​ စစ်ပွဲကာလအတွင်း​မှာ အမျိုး​သမီး​တွေကို အဓမ္မကျင့်​ခြင်း​က လက်နက်သဖွယ် အသုံး​ပြုခြင်း​ဆိုတဲ့​ စွပ်စွဲချက်​တွေ အရင်ကတည်း​ကလည်း​ ရှိပါတယ်။ အဲဒါက သက်​သေအ​ထောက်အထား​တွေလည်း​ အများ​ကြီး​ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ ကမ္ဘာမှာ ကျ​နော်တို့ စစ်ခုံရုံး​တင်တဲ့​အထိ လုပ်​ဆောင်ဖို့ ပြင်ဆင်​နေတဲ့​ ကာလအတွင်း​မှာ အခု လိုမျိုး​ ထပ်ပြီး​တော့​ အမျိုး​သမီး​တွေကို မုဒိမ်း​ကျင့်​ခြင်း​က တကယ်ကို ဆိုး​ဝါး​တဲ့​အချက်ပဲ ဖြစ်တယ်။ ဒါ​ကြောင့်​မို့လို့ ကျ​နော်တို့ ကမ္ဘာက​နေ ဒီဟာကို အပြင်း​အထန် ရှုတ်ချဖို့ လိုအပ်သလို ကျူး​လွန်​နေတဲ့​ လူ​တွေက ဒါကို အမြန်ဆုံး​ ရပ်တန့်ဖို့အတွက် ​တောင်း​ဆိုဖို့ လိုအပ်ပါတယ်။”

      ပြည်တွင်း​ စစ်ကာလအတွင်း​ အပြစ်မဲ့​အရပ်သား​တွေ၊​ အထူး​သဖြင့်​ အမျိုး​သမီး​နဲ့​ က​လေး​ငယ်​တွေကို ကာကွယ်​စောင့်​ရှောက်​ပေး​ဖို့ ကမ္ဘာ့​ကုလသမဂ္ဂက လုံခြုံရေး​ကောင်စီမှာ ဆုံး​ဖြတ်ပြီး​ နိုင်ငံတိုင်း​ ဒီအချက်ကို လိုက်နာဖို့ ​တောင်း​ဆို ထား​ပါတယ်။

      အစိုး​ရတပ်နဲ့ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော်အကြား​ ဒီလ (၉) ရက်​နေ့​ကစပြီး​ နှစ်ဘက် ပြန်လည်တိုက်ခိုက်ခဲ့​ကြတာ​ကြောင့်​ ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲ​ရေး​ သ​ဘောတူညီချက် ပျက်စီး​ခဲ့​ပါတယ်။
Source : DVB


၂၇။ လဝါယန် ပြည်သူ့စစ်ခေါင်းဆောင် နေအိမ်အကျယ်ချုပ်ချထား ခံရ

      ဇွန် ၁၈ ရက် ၂၀၁၁ KIO ခွဲထွက် လဝါယန်ဌာနေ ပြည်သူ့ စစ်ခေါင်းဆောင် လဆန်အောင်ဝါအား မြောက်ပိုင်တိုင်း စစ်ဌာနချုပ်မှ အစည်းအဝေး ရှိသည်ဟု ဆိုကာ ခေါ်ယူပြီး နေအိမ် အကျယ်ချုပ် ချထားသည်ဟု သိရသည်။

      ၂၀၀၄ ခုနှစ် ဇန်နဝါရီလတွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIO)မှ ခွဲထွက်ကာ ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ် လက်အောက်ခံ ဌာနေပြည်သူ့စစ်သို့ပြောင်းလဲခဲ့သည်။

      ဧရာဝတီမြစ်ဆုံ အရှေ့ဘက်ခြမ်း ဝိုင်းမော်မြို့နယ် လဝါယန်၊ ဂွေထူဒေသတွင် အခြေစိုက်ပြီး အင်အား ၁၀၀ ၀န်းကျင်ရှိသည်။

      ဇွန်လ ၂၂ရက်နေ့မှာပဲ RFA သတင်းဌာနမှ ဤသတင်းမှာ မှန်ကန်မှု မရှိကြောင်း ပြန်လည်ဖြေရှင်းချက် ပေးထားခဲ့သည်။
Source : KNG


၂၆။ နမ်ဆာပါ တံတားတွင် မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုဖြစ်ပွား

      ရှမ်းပြည်မြောက်ပိုင်း KIA တပ်မဟာ ၄ ဒေသနမ်ဆာပါ တံတား တွင် မြန်မာစစ်တပ်အချင်းချင်း မှားယွင်း ပစ်ခတ်မှု ဇွန် ၂၀၊ တနင်္လာနေ့ ည ၁၀ နာရီခွဲတွင် ဖြစ်ပွားခဲ့သည်။

      နမ်ဆာပါ တံတားစောင့်တပ်ဖွဲ့က တံတားအနီး ချဉ်းကပ်လာသည်ကို လိုက်လံရာမှ ဘုန်းကြီးကျောင်းတွင်ပုန်းအောင်း နေသည့် မြန်မာစစ်တပ်နှင့် ပစ်ခတ်ကြခြင်းဖြစ်သည်ဟု KIA တပ်မဟာ ၄ သတင်းရပ်ကွက် မှသိရသည်။

      သေကြေဒဏ်ရာရမှုကို မသိရသော်လည်းမှားယွင်းပစ်ခတ်ကြ သည့်တပ်မှာ မုံးစီအခြေစိုက် ခမရ ၁၂၈ ဖြစ်သည်ဟု သိရသည်။

      သို့သော် ဒေသခံများက မြန်မာတပ်အချင်းချင်း ပစ်ခတ်မှုတွင် သေကြေဒဏ်ရာရမှုများ ရှိနိုင်သည်ဟု ပြောသည်။
Source : KNG


၂၅။ မြစ်ကြီးနား-နမ္မတီး ရထားလမ်း လုံခြုံရေး ပြည်သူများအားအလှည့်ကျ တာဝန်ပေး

      မြန်မာစစ်တပ်နှင့် KIAတပ်ကြား တိုက်ပွဲများကြောင့် ရထားလမ်း လုံခြုံရေးတာဝန် ယူရန် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နေထိုင်သူများအား သက်ဆိုင်ရာ အာဏာပိုင်များက ညွှန်ကြားထားသည်။

      မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များမှ တစ်ရပ်ကွက်လျှင် ၁၀ ဦးကျ မြစ်ကြီးနား နမ္မတီး ရထားလမ်း တစ်လျှောက် ရထားလမ်း လုံခြုံရေး ကင်းစောင့်တာဝန်များ အလှည့်ကျ ယူနေရသည်။

“ကျွန်တော်တို့ရပ်ကွက်ကတော့ ဒီ ကျွန်တော်တို့ရပ်ကွက်နဲ့ ဂျန်မိုင်ကောင်ဘက်မှာ တာဝန်ကျတယ်” ဟု မြို့ခံတစ်ဦး ပြောသည်။
ကချင်ပြည်နယ် မြစ်ကြီးနားဘူတာ


      ရထားလမ်းသည် မြစ်ကြီးနားဘူတာရုံမှ မြို့ပေါ် မင်းရပ်၊ မြို့သစ်၊ ဧရာ၊ ရန်ကြီးအောင်၊ မြေမြင့်၊ ဒူကထောင်၊ ဂျန်မိုင်ကောင်၊ စံပြ ရပ်ကွက်များကို ဖြတ်သန်းပြီး နမ္မတီး၊ မိုးကောင်းဘက်သို့ ဦးတည်သွားသည်။

      ရထားလမ်း လုံခြုံရေးအတွက် မိမိဆန္ဒအလျောက် သွားရောက်လိုသူ မရှိသည့်အတွက် အခကြေးငွေဖြင့် လူငှါးရသည်။ လိုအပ်သည့် ငွေကြေးအတွက် ရပ်ကွက် အုပ်ချုပ်ရေးဌာနမှ ၎င်းရပ်ကွက်တွင်း အိမ်ထောင်စု အလိုက် ငွေကြေးကောက်ခံသည်။
Source : KNG


၂၄။ ရက်ပေါင်း ၁၀၀ မပြည့်သေးတဲ့ ဒီမိုကရေစီသမ္မတကြီးနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အရေး

      ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ဆောင်ဖို့ ပြည်သူ့လွှတ်တော်ဆိုတာကလည်း စစ်တပ်ဘက်ကို ၁၀၀% ကျားကန်ရပ်တည်ပေးထားတဲ့ ပါတီက အုပ်ချုပ်နေတော့ ပြည်သူ့ကိုယ်စားပြု လွှတ်တော်ဆိုတာ စစ်တပ်ရဲ့ လက်အောက်မှာပဲ ရှိနေကြောင်း၊ မြိုင်ကြီးငူဒေသက ကရင်လွတ်မြောက်ရေးအဖွဲ့ (DKBA,KNU) ဘက်သို့ စစ်မီးကူးစက်လာကြောင်း၊ ကော့ကရိတ်မြို့အနားတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အစိုးရစစ်တပ်မှ ဗိုလ်ကြီး တယောက်ကို ဖမ်းမိခဲ့ကြောင်း နားဆင်နိုင်ပါပြီ။
(BBC မြန်မာပိုင်းအစီအစဉ်မှ ဇွန်လ ၂၀ရက်နေ့ မနက်ပိုင်းအစီအစဉ်)နားဆင်ရန်
စစ်အစိုးရကို တိုက်လာခဲ့တာ ၆၃ နှစ်ရှိနေပြီ၊ မပြီးနိုင်သေးတော့ မတိုက်ချင်တော့ဘူး၊ မတိုက်ချင်ပေမဲ့ တိုက်သင့်ရင်တော့ တိုက်ရမှာပဲဆိုတဲ့ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဖောဒို (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၀၁)

Source : BBC, RFA



၂၃။ ရွှေဘိုမြို့နယ်တွင်းတိုက်ပွဲတွင် အစိုးရစစ်တပ်မှ စုစုပေါင်း ၉ဦးသေဆုံး

      မိုးမောက်မြို့နယ်တွင်းရှိ စစ်ဖက်ရေးရာလုံခြုံရေး (စဖရ) ရုံးကို KIA မှ ဗုံးခွဲတိုက်ခိုက်ခဲ့၍ အစိုးရဘက်မှ ၅ ဦးသေဆုံးကြောင်း အတည်ပြုချက်မရသေးသော သတင်းအရသိရှိရပြီး ရွှေဘိုမြို့နယ်တွင်း စစ်ပွဲတွင် KIA တပ်မဟာ ၂ တပ်ရင်း ၅ နှင့် ခလရ ၁၄၁ စုစုပေါင်း ၉ဦးသေဆုံးကြောင်း သိရှိရပါသည်။ အောက်ပါ ရေဒီယိုတွင် နားဆင်နိုင်ပါပြီ။
(BBC မြန်မာပိုင်းအစီအစဉ်မှ ဇွန်လ ၁၉ရက်နေ့ ညပိုင်းအစီအစဉ်)နားဆင်ရန်

ဗီဒီယို - ဧရာဝတီ

Source : BBC


၂၂။ ကချင်ပြည်နယ် ရွှေဘိုမြို့နယ် မြို့လှရဲစခန်းတွင်းသို့ KIA မှ ဝင်ရောက် ပစ်ခတ်

      ကချင်ပြည်နယ် ရွှေဘိုမြို့နယ် မြို့လှရဲစခန်းမှ ၁၇ ရက်နေ့ ညက KIA မှ ဝင်ရောက်ပစ်ခတ် ခဲ့ကြောင်းနှင့် ထိုသို့ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းမှာ ရဲ့စခန်းရှေ့တွင် ဖြတ်လျှောက်သွားသော ကချင် အမျိုးသမီးနှစ်ဦးအား စစ်ဆေးမေးမြန်းရန် ခေါ်ယူ၍ အဓ္ဓမပြုကျင့် သတ်ဖြတ်ခဲ့သောကြောင့် KIA မှ လက်စားချေ ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း အတည်ပြုချက်မရရှိသေးသည့် သတင်းနှင့် စတင်ပစ်ခတ် ခဲ့သည်ဟု စွပ်စွဲခံရမှုအပေါ် KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဦးဂွမ်မော်ရဲ့ တုန့်ပြန်ပြောကြား ချက်အား နားဆင်နိုင်ပါသည်။
(BBC မြန်မာပိုင်းအစီအစဉ်မှ ဇွန်လ ၁၈ရက်နေ့ ညပိုင်းအစီအစဉ်)နားဆင်ရန်
Source : BBC



၂၁။ မြန်မာစစ်တပ် မှားပစ်၍ အမျိုးသမီးတစ်ဦး သေဆုံး

      ကချင်ပြည်လွတ်လပ်ရေးတပ်မတော် KIA နှင့် မြန်မာ စစ်တပ်တို့ နှစ်ဘက်တိုက်ပွဲများဖြစ်ပွား ရာကချင်ပြည် နယ် ဗန်းမော် ခရိုင် မံစီမြို့နယ် ဟန်ထက်ရွာ နှင့် ကွေ့ကြီးရွာ အကြားတံတား တစ်ခုတွင် ယမန်နေ့ည ၈ နာရီကျော်ခန့်က မြန်မာစစ်တပ်မှ လူမှားပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး သေဆုံးသွား ပြီးအမျိုးသား တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

      အဆိုပါ အပစ်ခံရသူနှစ်ဦးမှာ စာဝတီးရွာသား လင်မယားစုံတွဲနှစ်ဦးဖြစ်ပြီး ဟန်ထက်ရွာမှ အပြန်လမ်းတွင် ခမရ ၁၀၅ မှ ပစ်ခတ်ခဲ့ခြင်းဖြစ် ကြောင်း သေဆုံးသူနှင့်နီးစပ်သည့် ဟန်ထက်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သူတို့က ဟန်ထက်ကို ကျွန်းကယ်ရီသွားပို့တာ ဘာဖြစ်လို့ ဒီအချိန်ကြီး ပြန်သလဲ မသိဘူး။ အခုကာဖျူး ထုတ်ထားတာ ။ ဟန်ထက်နဲ့ ကွေ့ကြီးရွာကြား တံတားမှာ တပ်က ပစ်တာ ခမရ၁၀၅ လို့ပြောတယ်။ မိန်းမကတော့ ပွဲချင်းပြီး သေတယ်။ ယောက်ျား ကတော့ ဒဏ်ရာရပြီး မံစီဆေးရုံကိုညတွင်းချင်းပို့ လိုက်တယ် ” ဟုပြောသည်။

      သေဆုံးသူ အမျိုးသမီးမှာ အသက် ၃၈နှစ်အရွယ် ဒေါ်သောင်းသောင်း ဖြစ်ပြီး ခင်ပွန်းမှာ ဦးထွန်းအေးကျော် ဖြစ်ကြောင်း သားသမီး ၃ ဦးရှိ ကြောင်း သိရသည်။

      ထိုနေ့ညက ဟန်ထက်ရွာအနီးရှိ မြန်မာကင်းစခန်းတစ်ကို ကေအိုင်အေတပ်က ဝင်ရောက် ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။

      ယခုလ ၁၄ ရက်နေ့ကလည်း မံစီမြို့နယ် မိုင်းခေါင်ကျေးရွာအနီး KIA နှင့်နအဖတပ်တို့ တပ်ပွဲဖြစ်ပွားခဲ့ သေးရာ ရေကူး - မန့်ခန်ရွာသား အဖွား အိုတစ်ဦးနှင့် ကလေးငယ်တစ်ဦး သေနတ်ဒဏ်ရာရရှိကြောင်း ဒေသခံများက ပြောသည်။

      စစ်မက်ဖြစ်ပွားနေမှုအပေါ် စိုးရိမ်နေကြသည့် ဒေသခံများက ယခုအခါ ဆန် ၊ ဆီ ၊ ဆားများဝယ်ယူစုဆောင်း နေသဖြင့် မြို့ ပေါ်ဆိုင်များတွင် ရိက္ခာများ အထူး အရောင်းသွက်နေကြောင်း သိရသည်။
Source : သျှမ်းသံတော်ဆင့်


၂၀။ ကချင်ခေါင်းဆောင် အကျယ်ချုပ်သတင်း မမှန်ဟု NDA-K ငြင်းဆို

      အပစ်အခတ် ရပ်စဲထားတဲ့ ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDA-K) အဖွဲ့ခေါင်းဆောင် တချို့ကို နေအိမ်အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ မမှန်ကန်တဲ့အကြောင်း NDA-K အရာရှိတဦးက အာအက်အေကို အတည်ပြုပြောပါတယ်။
NDA-K အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်း (Kachinnews)


      NDA-K အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းနဲ့ ဒုဥက္ကဌ ဗိုလ်မှူးချုပ် ဝေါ့လော်ဟောင်းခေါင်ကို အကျယ်ချုပ် ချထားတယ်ဆိုတဲ့ သတင်းတွေ ပြည်ပ မီဒီယာတချို့က ပြောခဲ့ပေမဲ့ ဒီသတင်း မမှန်တဲ့အကြောင်း အမည်မဖော်လိုတဲ့ NDA-K ဗဟိုကော်မီတီဝင်တဦးက အာအက်အေကို ရှင်းပြ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

      ခွဲထွက် NDA-K ခေါင်းဆောင်တဦးရဲ့ အသိုင်းအဝိုင်း ကလဲ NDA-K ခေါင်းဆောင်တချို့အကျယ် ချုပ်ခံနေရတာ မဟုတ်ဘူးလို့ သိရကြောင်း အာအက်အေကို ပြောပါတယ်။

      NDA-K ခေါင်းဆောင်တချို့ အကျယ်ချုပ်ခံနေရတယ်ဆိုတဲ့ သတင်းတွေ ထွက်တဲ့နေ့မှာဘဲ NDA-K ဒု ဥက္ကဌ ဗိုလ်မှူးချုပ် ဝေါ့လော်ဟောင်းခေါင် မြစ်ကြီးနားကနေ ပန်ဝါဌာနချုပ်ကို ပြန်တက်သွားတဲ့အကြောင်း မျက်မြင်သက်သေ တဦးကလည်း ပြောပြပါတယ်။

      NDA-K အဖွဲ့ ဥက္ကဌ ဦးဇခုန်တိန့်ယိန်းဟာ ကချင် တသီးပုဂ္ဂလ အမတ် ဖြစ်ပါတယ်။ ဒါ့ပြင် အမျိုးသား လွှတ်တော် အစိုးရ အာမခံချက်များ ကတိများနဲ့ တာဝန်ခံချက်များ စိစစ်ရေး ကော်မီတီ အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။ လောလောဆည် ဒီအဖွဲ့ အစည်းအဝေး အတွက် ဦးဇခုန်တိန့်ယိန်းဟာ နေပြည်တော်ကို ရောက်နေတယ်လို့ စုံစမ်း သိရပါတယ်။

      ဦးဇခုန်တိန့်ယိန်းဟာ ၂၀၁၀ ရွေးကောက်ပွဲကို ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄) ကနေ တသီးပုဂ္ဂလ အမတ် အဖြစ် အရွေးခံခဲ့သလို ဦးဇခုန်တိန့်ယိန်းရဲ့ သားဖြစ်သူက ကချင်ပြည်နယ် ကြံ့ခိုင်ရေး ပါတီကနေ ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။

      ဒါပေမဲ့ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင်မှာ NDA-K ဗဟို ကော်မီတီဝင် ဗိုလ်မှူးကြီး မုတ်ယင်ဒေါင်ဟောင်း၊ ဗိုလ်မှူးကြီး မန်ကျည်ဇောင်းခေါင်နဲ့ ဒု ဗိုလ်မှူးကြီး နဘုတ်ထောခေါင်တို့ ၃ ဦးကို တစည ပါတီကနေ ရွေးကောက်ပွဲဝင်တဲ့ အတွက် ဆိုပြီး NDA-K က ထုတ်ပယ်ခဲ့ပါတယ်။
Source : RFA


၁၉။ သျှမ်းပြည် (မြောက်ပိုင်း) ကချင်တပ်မဟာ ၄ ထိန်းချုပ်ဒေသ လယ်နှင့်တောင်ယာ မလုပ်နိုင်

      သျှမ်းပြည် (မြောက်ပိုင်း) မူဆယ်ခရိုင် ကေအိုင်အေ တပ်မဟာ ၄ ထိန်းချုပ်နယ်မြေရှိ ကျေးရွာများ၌ ယခု ရက်ပိုင်း မြန်မာ စစ်တပ်ကရှာဖွေစစ်ဆေး မှုများ ပြုလုပ်နေရာဒေသခံများထွက်ပြေးတိမ်း ရှောင် နေရသဖြင့် လယ်နှင့်တောင်ယာလုပ်ငန်း များ လစ်ဟင်းနေကြောင်း သိရသည်။

      လွန်ခဲ့သည့် ၄ ရက်ခန့်က စ၍ မြန်မာစစ်တပ်က မူစယ်ခရိုင် တီးမ ကျေးရွာ အုပ်စု ရွာ ၆ ရွာအတွင်း တစ်အိမ်တက် ဆင်း ရှာဖွေစစ်ဆေး နေသဖြင့် ဒေသခံများတိမ်းရှောင်နေရကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်

“ကချင်တပ်မဟာ ၄ အုပ်ချုပ်ထားတဲ့ ရွာတွေမှာ ဗမာတပ်က တစ်ညလုံးကင်းလှည့် နေတယ်။ ရွာဥက္ကဋ္ဌနဲ့ စစ်တပ်က တစ်အိမ်တက်ဆင်း လိုက်ရှာတယ်။ KIA ရှိလား၊ သျှမ်းသူပုန်ရှိလား ဆိုပြီး အရမ်းစစ်ဆေးတော့ ယောက်ျားတွေ တစ်ယောက်မှ အိမ်မှာမနေရဲဘူး။ တောထဲ အကုန်ပြေးပုန်း နေရတယ် ” ဟု ဆိုသည်။

      အဆိုပါ ကျေးရွာများမှာ တီးမား ၊ နားလုံ ၊ ကုန်းဆာ ၊ မန့်ဟိုင်း ၊ မန့်စန့်နှင့် ကချင်ကျေးရွာ များဖြစ်ကြောင်း သိရသည်။

“အခုအချိန်က လယ်နဲ့တောင်ယာလုပ်တဲ့အချိန်လေ။ ဒီလိုအခြေအနေမှာ လယ်လည်း မစိုက်နိုင်ဘူး တောင်ယာလည်း မလုပ်နိုင်ဘူး” ဟု သူက ဆက်ပြောသည်။

      ယမန်နေ့က အဆိုပါ တပ်မဟာ ၄ ဒေသတွင် နမ္မတူမြို့ အခြေစိုက် ခမရ ၃၂၄ မှ အရာရှိ တစ်ဦးအပါအဝင် တပ်သား ၆ ဦးကို ကေအိုင်အေက လက်ရဖမ်းမိကြောင်း သိရသည်။
Source : သျှမ်းသံတော်ဆင့်


၁၈။ ဗန်မော်မြို့တွင် ညမထွက်ရ အမိန့်ထုတ်

      ကချင်ပြည်နယ်အတွင်း KIAနှင့် မြန်မာစစ်တပ် တိုက်ပွဲ များ ဖြစ်ပွားပြီးနောက်ပိုင်း ယခုလ ၁၄ ရက်နေ့ ညပိုင်း က ဒေသတွင်းရှိ တံတားများဗုံးခွဲ ဖျက်ဆီးခံရရာမှ ယမန်နေ့ညပိုင်းမှစ၍ ဗန်းမော်မြို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း မြို့ခံထံမှတဆင့် သိရသည်။

      မြို့ပေါ်ရှိဈေးဆိုင်များအား ည ၈ နာရီ နောက်ဆုံးထား ပိတ်သိမ်းရန်နှင့် ည ၉ နာရီကျော်လျှင် အပြင်မထွက်ကြရန် သက်ဆိုင်ရာ ရပ်ကွက်အလိုက် ညွန်ကြားထားကြောင်း သိရသည်။

      မြို့ဧရိယာအတွင်း တည်ရှိသည့် စစ်တပ်နယ်မြေ ဖြတ်သန်းရာတွင်လည်း စစ်ဆေးမှုများ တင်းကြပ်လျက်ရှိ နေကြောင်း မြို့ခံတစ်ဦးက ပြောသည်။
တိုက်ပွဲကြောင့် တရုတ်ဘက်ထွက်ပြေးနေသည့် ကချင်ပြည်သူများ။ (ဓါတ်ပုံ Jinghpawsaka)


“အရင်တုန်းကတော့ တပ်ဧရိယာဆိုတာ မြို့ပြင်မှာ တဖြည်းဖြည်းမြို့ချဲ့လာတော့ တပ်ဆိုတာလည်းမြို့ လယ်လောက် မှာ ဖြစ်နေတာ မြို့ဟိုဘက်အခြမ်းနဲ့ဒီဘက်အခြမ်း သွားမယ်ဆိုရင် ဗျူဟာကုန်းလမ်းနဲ့တပ် ဧရိယာလမ်းဆိုပြီး လမ်းနှစ်ခု အတိုင်းသွားမှ ရောက်တာ၊ ဗျူဟာကုန်းလမ်းကတော့ လုံးဝဖြတ်ခွင့်မပြုတော့ ဘူး တပ်ဧရိယာလမ်းက မနက် ၆ နာရီကနေ ည ၆ နာရီအထိပဲသွားခွင့်ရှိတယ်၊ သွားတဲ့လူတွေမှတ်ပုံတင် စစ်ပြီးမှ ဖြတ်ခွင့်ပြုတယ် ” ဟု ဆိုသည်။

      မြန်မာစစ်တပ်၏ သယ်ယူပို့ဆောင်ရေးလမ်းကြောင်း ဖြတ်တောက်သည့် အနေဖြင့် KIA က တံတားများ ဗုံးခွဲ ဖျက်ဆီး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

      နှစ်ဘက်လက်နက်ကိုင်ပဋိပက္ခများကြောင့် ယခုအခါ ဗန်းမော်မြို့ပေါ်တွင် လျှပ်စစ်မီးခွဲတမ်း ဖြင့်သာရရှိတော့ပြီး တစ်မြို့လုံးဆိတ်ငြိမ် ခြောက်ကပ်နေကြောင်း နောက်မြို့ခံတစ်ဦးက ပြောသည်။

“တစ်မြို့လုံးခြောက်ကပ်နေတာပဲ၊ ည ၇ နာရီကျော်ရင် လူတစ်ယောက်မှမရှိတော့ဘူး၊ တရုတ်နယ်စပ် ဘက် လမ်းတွေလဲ အသွားအလာ မရှိတော့ဘူး၊ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်လောက်က အခြေအနေပြန်ရောက် သွားပြီ စစ်ဖြစ်ပြီဆိုရင် ကြားထဲက ပြည်သူလူထုပဲနစ်နာတာပေါ့” ဟု ဆိုသည်။

      ယမန်နေ့ညနေပိုင်းကလည်း ဗန်းမော်ခရိုင် မံစီမြို့နယ် မိုင်းခေါင်ကျေးရွာ အနီး KIA နှင့် မြန်မာ စစ်တပ်တို့ နှစ်ဘက် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

      အတည်မပြုနိုင်သေးသော သတင်းတစ်ပုဒ်အရ ယနေ့နံနက်ပိုင်းတွင် မြန်မာစစ်ကားတစ်စီးကို KIA တိုက်ခိုက်ခဲ့ကြောင်း ကြားသိရသည်။
Source : သျှမ်းသံတော်ဆင့်


၁၇။ ကချင် စတင်ပစ်ခတ်ဟု အစိုးရထုတ်ပြန်ချက် KIA ငြင်းဆို

      ဒီကနေ့ထုတ် အစိုးရပိုင် သတင်းစာတွေမှာ ကချင်ပြည်နယ်အတွင်း စစ်ပွဲတွေဟာ KIA ကချင် လွတ်မြောက်ရေး တပ်ဖွဲ့က စတင်ပစ်ခတ်လို့ အစိုးရတပ်ဘက်က မလွှဲမရှောင်သာ ပြန်လည်တိုက်ခိုက် ရပါတယ်လို့ မြန်မာအစိုးရက သတင်းထုတ်ပြန်ပါတယ်။

      KIA ဘက်ကတော့ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေအတွင်း ကျူးကျော်စစ်ဆင် လှုပ်ရှားလာလို့ အခုလို တိုက်ပွဲတွေ ဖြစ်ရတာလို့ တုန့်ပြန်ပါတယ်။ တာပိန်လျှပ်စစ်စံမံကိန်းရှိရာနယ်မြေမှာ အရင်ကတည်းက မြန်မာ အစိုးရဘက်က လုံခြုံရေးရှိပြီးသားမို့ နောက်ထပ် တပ်ဖွဲ့တွေ စေလွှတ်တာဟာ ရန်လိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ KIA ဘက်က ယူဆပါတယ်။ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ တာဝန်ရှိသူ တဦးကို မသင်းသီရိက ဆက်သွယ်မေးမြန်းထားပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့၊ ဒေသခံကချင်တိုင်းရင်းသားများနှင့်အတူ(ဓါတ်ပုံ - Jinghpaw)


      ဒီကနေ့ မြန်မာအစိုးရပိုင် သတင်းစာထဲမှာ ပထမဆုံးအကြိမ်အဖြစ် ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ တိုက်ပွဲ သတင်းတွေ စရေးတာ ဖြစ်ပါတယ်။ အဲဒီမှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်က ခြိမ်းခြောက်မှုတွေနဲ့ အတူ စပြီး တိုက်ခိုက်လာတဲ့အတွက် အစိုးရစစ်ကြောင်းတွေက မလွှဲမရှောင်သာ ပြန်လည်ပစ်ခတ်ရင်း တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် အခုတိုက်ပွဲ ဖြစ်ပွားတဲ့ နေရာကို ကြည့်ခြင်းအားဖြင့် အစိုးရစစ်တပ်တွေက သူတို့နယ်မြေထဲကို စစ်ဆင်ရေးတွေနဲ့ ဝင်ရောက်လာ ခဲ့တဲ့အတွက် အပြန်အလှန် ပစ်ခတ်ရတာတွေ ဖြစ်တယ်လို့ KIO ကချင်လွတ်မြောက်ရေး အဖွဲ့က တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်ဆိုင်းက တုန့်ပြန်ပါတယ်။

“ဒီကိစ္စက ကျနော်တို့အနေနဲ့စတယ်ဆိုတာကတော့ ကျနော်တို့ ရှိနေတဲ့နယ်မြေမှာ ကျနော်တို့အတွင်းပိုင်းကို အစိုးရတပ်တွေက ထိုးဝင်လာတဲ့နေရာတွေမှာ အစိုးရတပ်က ကြီးကြီးကျယ်ကျယ် စစ်ဆင်ရေးပြင်ပြီး ပြုလုပ်လာသလိုဖြစ်လာတဲ့အခြေအနေတွေကို ပြည်သူအားလုံးလည်း မျက်မြင်ကိုယ်တွေ့ဖြစ်နေတော့ကာ ကျနော်တို့ဘက်က စလုပ်တာမဟုတ်ဘူးဆိုတာတော့ အားလုံးအရှင်းပဲ ဖြစ်ပါတယ်။ လူတွေအားလုံး ကလည်းပဲ မြင်ပြီးသား၊ ရှင်းလင်းနေပြီးသား ဖြစ်ပါတယ်လို့ပဲ ပြောပါရစေခင်ဗျ”

      တခါ ကချင်ပြည်နယ်ထဲမှာရှိနေတဲ့ ရေအားလျှပ်စစ်စီမံကိန်းတွေအပေါ်မှာ ခြိမ်းခြောက်မှုတွေ ရှိလာနေတဲ့အတွက် အစိုးရတပ်တွေက ကာကွယ်စောင့်ရှောက်လိုတာကြောင့် လုံခြုံရေးအတွက် ကချင်လက်နက်ကိုင်အဖွဲ့တွေကို ဖယ်ရှားခိုင်းတာ ဖြစ်တယ်ဆိုတဲ့ ရေးသားချက် အပေါ်ကိုတော့ ဗိုလ်ချုပ်ဇော်ဆိုင်း တုန့်ပြန်တာက

“ရေအားလျှပ်စစ် ဆောက်လုပ်ထားတာဟာ နှစ်နဲ့ချီပြီးကြာနေပြီ။ စဆောက်တဲ့အချိန်မှာ တောင်မှ ဘာမှ ပြဿနာမရှိခဲ့ဘူး။ နှစ်နဲ့ချီပြီး ကြာနေပြီးတဲ့နောက်မှ အခုမှ ပြဿနာဖြစ်လာတယ် ဆိုတာကတော့ ဒါက စဉ်းစားစရာဖြစ်တယ်။ ဆက်ပြီးတော့လည်း ပြဿနာမဖြစ်အောင် လုံခြုံရေးကိစ္စတွေလည်းပဲ အရင်ကတည်းက ရှိနေတဲ့ နေရာတွေဖြစ်တယ်။ အရင်ကတည်းက ရှိနေတဲ့နေရာမှာ ရေအားလျှပ်စစ်တွေ ဆောက်လုပ်တယ်။ ပြီးပြီးတဲ့နောက် နှစ်ပေါင်း ဒီလောက်ကြာနေပြီ၊ ဘာမှ ပြဿနာမရှိဖူးဘူး။ အဲဒါကြောင့် ဆက်ပြီးတော့လည်းပဲ ပြဿနာမပေါ်အောင် အားလုံးအနေနဲ့ လုပ်လို့ဖြစ်တယ်လို့ ကျနော်တို့က ဒီအတိုင်းပဲ အမြင်ရှိတယ်ခင်ဗျ။ ရှေ့ဆက်ပြီး လုံခြုံရေးကို လိုတယ်ဆိုရင်လည်းပဲ နှစ်ဘက်ဆွေးနွေးပြီး လုံခြုံရေး ယူရင်လည်းပဲ ပြီးနိုင်တဲ့ ပြဿနာတွေ ဖြစ်တယ်လို့ပဲ သဘောထားတယ် ခင်ဗျ”

      ကချင်အစိုးရအဖွဲ့က KIO ဌာနချုပ်ရှိတဲ့ လိုင်ဇာကို ပြီးခဲ့တဲ့ရက်က အခြေအနေတွေဆွေးနွေးဖို့အတွက် ညှိနှိုင်းရေး အဖွဲ့တဖွဲ့ စေလွတ်ထားပါတယ်။ ဒီညှိနှိုင်းမှုတွေရဲ့ နောက်ဆုံးအခြေအနေကိုလည်း ဗိုလ်ချုပ် ဇော်ဆိုင်းက အခုလိုပြောပြပါတယ်။

“အခု လောလောဆယ် သိရသလောက်ကတော့ ဆွေးနွေးနေတယ်ဆိုတာလောက်ပဲ သိရတယ်။ ဒါကတော့ ယုံကြည်ရတဲ့အထောက်အထားတွေကို တဘက်က ဒါကို ညှိနှိုင်းနေတယ်ဆိုတဲ့ သဘောလောက်ပဲ အခု သိရတယ်ခင်ဗျ။ နောက်ဆုံးအခြေအနေ ကတော့ ဘာပဲဖြစ်ဖြစ် ပစ်ခတ်နေတဲ့ တိုက်ပွဲတွေကို ရပ်စဲဖို့အတွက် ၂ ဘက်စလုံးကနေပြီးလည်းပဲ ဒီ သဘောထားနဲ့ ဆွေးနွေးနေတယ် ဆိုတာလောက်ပဲ သိရတယ်ခင်ဗျ။ အခုလောလောဆယ်မှာတော့ တခြားတိုက်ပွဲတွေ ဆက်ပြီး ကြီးကြီးကျယ်ကျယ်ဖြစ်သံကို မကြားမိရသေးဘူး ခင်ဗျ”

      ကချင် KIO အဖွဲ့က တာဝန်ရှိသူ ဗိုလ်ချုပ်ဇော်ဆိုင်းပါရှင်။ အခုဆိုရင် တိုက်ပွဲတွေဖြစ်နေတာ တပတ်ကျော် ကြာနေခဲ့ပြီးတော့ အဲဒီ တိုက်ပွဲတွေကို အဆုံးသတ်ဖို့ ကုလသမဂ္ဂလို အဖွဲ့ကြီးက ကြားဝင် ကူညီဖို့ကိုလည်း ဆန္ဒရှိတယ်လို့ ကချင် KIO အဖွဲ့က ပြောထားပါတယ်။ တိုက်ပွဲတွေဟာ တစထက်တစပိုပြီး ပြင်းထန်လာနေတာမို့ ဒေသခံတိုင်းရင်းသားတွေဟာ တရုတ်နိုင်ငံထဲ ပြေးဝင်ခုံလှုံ နေကြရတာရှိသလို ဒီဒုက္ခသည်တွေဟာ လုံလောက်တဲ့ ထောက်ပံ့ကူညီမှုတွေ မရဘဲ အခက်အခဲတွေ ကြုံနေကြတယ်လို့လည်း ကူညီရေးလုပ်ပေးနေတဲ့ ဒေသခံတွေကပြောပါတယ်။
Source : VOA


၁၆။ KIAနှင့် ဆင်ဘိုစစ်ပွဲ၌ မြန်မာစစ်သား ၁၇ ဦးကျ

      မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်အလယ်ပိုင်း၊ မိုးညှင်းခရိုင်၊ ဆင်ဘိုမြို့နယ်ခွဲတွင် ယနေ့သောကြာနေ့တိုက်ပွဲတွင် မြန်မာစစ်သား ၁၇ ဦးကျဆုံးသွားသည်ဟု ဆင်ဘိုဒေသခံများပြောသည်။

      မြန်မာစစ်သား ၅ ဦးမှာ နံနက်ပိုင်းတိုက်ပွဲတွင် ကျဆုံးပြီး ကျန် ၁၂ ဦးမှာ နေ့လည်ပိုင်းတိုက်ပွဲတွင် ကျဆုံးသွားသည်ဟု လိုင်ဇာ KIO ဌာနချုပ်မှ အတည်ပြုပြောဆိုသည်။

      ဆင်ဘိုအခြေစိုက် ခလရ ၁၄၁ နှင့် ဆင်ဘိုဒေသမှ KIA တပ်ရင်း ၅ တို့ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု KIA အရာရှိများပြောသည်။


      ၎င်းမြန်မာတပ်သည် KIA တပ်ရင်း ၅ အနီးသို့တပ်ချလာသည့်တပ်ရင်းဖြစ်ပြီး ပြီးခဲ့သည့်မေလ ၂၅ ရက် KIA တပ်ရင်းအနီးမှ တမိုင် နောက်ဆုတ်ပေးသည့်တပ်ဖြစ်သည်။

      ဇွန် ၈ ရက်၊ မန်မော် (ဗန်းမော်)ခရိုင် အင်မောက် (မိုးမောက်)မြို့နယ် တာပိန်မြစ်အနီး ဆန်ဂန်ဒေသတွင် KIA တပ်ရင်း ၁၅ နှင့် တိုက်ပွဲဖြစ်ရာမှ တဟုန်ထိုး ပြည်တွင်းစစ်သို့ပြောင်းလဲလာသည်။

      စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် တရုတ်နယ်စပ်သို့ရောက်ရှိလာသည်။ အထူးသဖြင့် နယ်စပ်မြို့များဖြစ်သော လိုင်ဇာ၊ မိုင်ဂျာယန်၊ လွယ်ဂျေ၊ အူရာဘွမ်၊ မန်ဝိန်းကြီးဒေသများသို့ဖြစ်သည်ဟု KIO အရပ်ဖက်အုပ်ချုပ်ရေးဌာန က ပြောသည်။

      ဒုက္ခသည်အများစု မြန်မာအစိုးရအုပ်ချုပ်ရာဒေသများမှဖြစ်ကာ မြန်မာစစ်တပ်ကို ပေါ်တာဆွဲမည်ကို ကြောက်ရွံ့သဖြင့် နယ်စပ်သို့ထွက်ပြေးလာခြင်းဖြစ်သည်ဟု လိုင်ဇာဒုက္ခသည်များပြောသည်။

      KIO လိုင်ဇာဌာနချုပ်တွင် ဒုက္ခသည်စခန်း ၆ ခုထားရှိပြီး အစားအစာအသုံးအဆောင်များကို KIO ကထောက်ပံပေးနေသည်။

      ယခု သောကြာနေ့အထိ ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တ၀န်း မြန်မာ-KIA ကြား ၉ ရက်မြောက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
Source : Kachin News Group



၁၅။ KIA ကိုတိုက်ခိုက်ခြင်းပေါ် မြန်မာအစိုးရအား အာဆီယံပါလီမန်က ပြင်းထန်စွာဝေဖန်

ဓါတ်ပုံ - Jinghpawkasa
      ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)နှင့် ၁၇ ကြာ အပစ်ရပ်ဆိုင်းခဲ့ခြင်းကိုအဆုံးသတ်ကာ ကချင်ပြည်နယ်သို့ လူလက်နက်အင်အား ကြီးမားစွာ ပို့လွှတ်သည့် မြန်မာအစိုးရ၏ အပြုအမူအား အာဆီယံပါလီမန်က ပြင်းထန်စွာ ဝေဖန်လိုက်သည်။

      KIA-မြန်မာ စစ်ပွဲက ဂုဏ်အသရေမဲ့ရွေးကောက်ပွဲအားဖြင့်တက်လာသည့် မြန်မာအစိုးရသစ်၏ တိုင်းရင်းသားလူမျိုးစုများနှင့်အာဏာခွဲဝေရေးထက် အင်အားသုံးအုပ်ချုပ်သည့်လမ်းစဉ်ကို မစွန့်လွှတ်နိုင် သေးသည်ကို ပြသနေသည်ဟု ဆိုသည်။

      ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO)သည် အင်္ဂလိပ် လက်အောက်မှ လွတ်လပ်ရေးယူပြီး ပြည်ထောင်စုကြီးကိုမဖွဲ့စည်း ခင် ဗမာ၊ ရှမ်း၊ ချင်း၊ ကချင်လူမျိုးများ ရေးထိုးခဲ့သော ၁၉၄၇ ပင်လုံစာချုပ်အားဖြင့် ကိုယ်ပိုင်ပြဌါန်းချက်ကို တောင်းဆိုနေသည့် ကချင်တော်လှန်ရေးအဖွဲ့ဖြစ်သည်။

      ပြည်သူလူကိုကိုယ်စားမပြုသည်သာမက ပြည်သူလူထုကို ကာကွယ်ပေးမှုမရှိသည့် ကာလပတ်လုံး ဒီမိုကရေစီ ဖော်ဆောင်နိုင်မည်မဟုတ် ဟူ၍လည်းပါရှိသည်။

      သုံးပွင့်ဆိုင် (မြန်မာအစိုးရ၊ မြန်မာလူမျိုးစုတိုင်းရင်းသားများနှင့် မြန်မာအတိုက်အခံများ)ဆွေးနွေးပွဲနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် အာဆီယံခေါင်းဆောင်များ ပထမဦးစားထား အဖြေရှာပေး သွားမည်ဟု ပါရှိသည်။

      မြန်မာစစ်တပ်နှင့် KIA ပြည်တွင်းစစ်ထဲဦးတည်သွားမည်ကို အလွန်စိုးရိမ်သည်ဟု အာဆီယံပါလီမန် ဥက္ကဋ္ဌက ဆိုထားသည်။
Source : Kachin News Group



၁၄။ ထောင်သားများကို အရေးပေါ် ခေါ်ထုတ်

စစ်ပွဲဖြစ်နေချိန်တွင် ရန်ကုန်
အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၅ဝ ကျော်က
အာဏာပိုင်များ အရေးပေါ်ခေါ်ထုတ် (ဓါတ်ပုံ မဇ္ဈိမ)
ချင်းမိုင် (မဇ္ဈိမ) ။ ။ ကချင် အမျိုးသား လွတ်မြောက်ရေး အဖွဲ့နှင့် ဖြစ်ပွားနေသော စစ်ပွဲများတွင် အသုံးပြုရန်ဟု သံသယရှိဖွယ် ဖြစ်သော ရန်ကုန် အင်းစိန်ထောင်တွင်းမှ အကျဉ်းသား ၁၅ဝ ကျော်ကို အာဏာပိုင်များက အလျင်စလို ခေါ်ယူသွားမှု ကြာသပတေးနေ့ နံနက်က ဖြစ်ခဲ့သည်။

      နံနက်ပိုင်း တန်းစီချိန်တွင် လူရွေးခေါ် သွားခြင်း ဖြစ်ပြီး နှစ်ရှည်ပြစ်ဒဏ်ကျ အကျဉ်းသား အများစု ပါဝင်သည်။

      လက်နက်ကိုင်ရဲများ စောင့်ကြပ်လိုက်ပါသော ကုန်တင်ကားကြီး နှစ်စီးဖြင့် ထောင်သားများကို ခေါ်ထုတ်သွားခြင်း ဖြစ်ကာ မည်သည့်နေရာသို့ ခေါ်ဆောင်မည်ကို အကျဉ်းဦးစီး အရာရှိများက ထုတ်ဖော်ပြောဆိုခြင်း မပြုပေ။

“အင်းစိန်ရဲ့ အရှေ့ဘက်ကို မောင်းသွားတယ်။ ထောင်တာဝန်ကျ ဝန်ထမ်းတွေ မပါဘူး။ ထောင်ကားလည်း မဟုတ်ဘူး” ဟု မျက်မြင်တွေ့လိုက်ရသူ တဦးက ပြောသည်။

      အတိုက်အခံ နိုင်ငံရေးလှုပ်ရှားသူ တဦးဖြစ်ပြီး အခြေအနေကို စောင့်ကြည့်လေ့လာနေသူ တဦးက “ကျနော့် အတွေ့အကြုံ အရဆိုရင် အကျဉ်းသားတွေ အနေနဲ့ ရဲဘက်ဆိုရင် ကိုယ့်အထုပ်နဲ့ ရိက္ခာကို ယူခွင့်ရှိတယ်။ ပေါ်တာဆိုရင် ယူခွင့်မရှိဘူး။ လူပဲလိုက်သွားရတာ” ဟု မဇ္ဈိမကို ပြောသည်။

      တနေ့တည်းမှာပင် အင်းစိန်ထောင်မှ အမျိုးသမီး အကျဉ်းသား ၁ဝဝ ကို ဧရာဝတီတိုင်းအတွင်းရှိ အကျဉ်းဦးစီးပိုင် စပါးစိုက်ခင်းများတွင် အလုပ်ခိုင်းရန် ခေါ်ဆောင်မှုလည်း ဖြစ်ခဲ့သည်။

      ပုံမှန်အားဖြင့် ထောင်သားများကို ရဲဘက်ပို့လျှင်လည်း အကျဉ်းဦးစီးက ကားများကိုသာ အသုံးပြုလေ့ရှိကာ KIO နှင့် တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ရှေ့တန်းထွက် တပ်များအတွက် ပေါ်တာအဖြစ် အသုံးပြုရန် ခေါ်ဆောင်သည်ဟု အများက ယုံကြည်နေကြသည်။

      ကချင်ပြည်နယ် မြစ်ကြီးနားထောင်မှ အကျဉ်းသား ၁ဝဝ ခန့်ကိုလည်း ဇွန်လ ၉ ရက်နေ့က ထုတ်ယူသွားခဲ့ကြောင်း နိုင်ငံရေး အကျဉ်းသား တဦး၏ ထောင်ဝင်စာ သွားရောက်တွေ့ခဲ့သူ တဦးက ပြောသည်။

      မြစ်ကြီးနားမြို့နေ ကချင် ဒီမိုကရက်တစ် တပ်မတော်-NDAK အရာရှိဟောင်းတဦး အဆိုအရ တိုက်ပွဲတွင် အစိုးရ စစ်တပ်မှ ထောင်သားများကို အသုံးပြုနေသည်ဟု ဆိုသည်။
Source : မဇ္စျိမသတင်းဌာန



၁၃။ အစိုးရက အပစ်ရပ်ရန် ကမ်းလှမ်း၊ တိုက်ပွဲဆက်ဖြစ်

လိုင်ဇာမြို့သို့ ရောက်ရှိလာသော
စစ်ရှောင် ဒုက္ခသည်များကို
ကြာသပတေးနေ့မှစ၍ ဆန်များ
ဝေပေးခဲ့သည်ဟု ကေအိုင်အိုကပြောသည်
ချင်းမိုင်(မဇ္စျိမ) ။ ။ ၉ ရက်ကြာ တိုက်ပွဲများဖြစ် နေခဲ့ပြီးနောက် မြန်မာအစိုးရ ဘက်က အပစ်ခတ် ရပ်စဲလိုကြောင်း ကချင်အတိုင်ပင်ခံ ကောင်စီမှ တဆင့် ကမ်းလှမ်းလာ နေချိန်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသေးကြောင်း ကချင်လွတ် မြောက်ရေးအဖွဲ့က ပြောသည်။







“ဦးသိန်းဇော်ကနေ စကားပါးလိုက်တာက သူတို့ဘက်က အပစ်ရပ်ဆိုင်းထားပြီ၊ ကေအိုင်အိုဘက်ကလည်း အပစ်ရပ်ဆိုင်းပေးပါ။ အဲဒီကမှတဆင့် ဆွေးနွေးမှုများ လိုချင်တယ် ဆိုတာကို စကားပါးပါတယ်” ဟု KIO ဗဟိုကော်မတီဝင် ဦးလနန်က မဇ္ဈိမကို ပြောသည်။

      ဦးသိန်းဇော်မှာ အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ အထွေထွေအတွင်းရေးမှူး (၂) ဖြစ်သည်။

      KIO ၏ လက်နက်ကိုင်တပ်များ ဘက်မှလာသော သတင်းများအရ ဇွန်လ၊ (၁၇)ရက်၊ သောကြာနေ့ မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း ကချင်တပ်တပ်ရင်း ၅ နှင့် အစိုးရတပ်များ ပစ်ခတ်မှု ဖြစ်နေသည်ဟု ဆိုသည်။

      ပစ်ခတ်မှု တနာရီအတွင်း အစိုးရ တပ်ဘက်မှ ၇ ဦး ကျဆုံးပြီး ကေအိုင်အိုဘက်မှ အထိအခိုက် မရှိသေးကြောင်း ကေအိုင်အိုက အရာရှိက ပြောသည်။ သီးခြား အတည်ပြုချက် ရယူနိုင်ခြင်း မရှိသေးပါ။

      မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ ၁၄၂ တပ်ဖွဲ့ဝင်များ ရင်ဆိုင် တိုက်နေရခြင်း ဖြစ်သည်ဟု ကေအိုင်အိုဘက်က ခန့်မှန်းထားသည်။

“ကျနော်တို့ ပြန်ပြောတာက အပစ်အခတ် ရပ်တယ်ဆိုတာ ပါးစပ်ကပဲ ပြောတာရှိတယ်။ အဲဒါကို လက်တွေ့ သက်သေ အထောက်အထား လိုချင်တယ်။ အဲဒါကြောင့် ကာကွယ်ရေးဦးစီးချုပ်ကနေ သက်ဆိုင်ရာ တပ်ရင်း တပ်ဖွဲ့တွေကို ညွှန်ကြားထားတဲ့ အပစ်အခတ်ရပ်ဖို့ ပြောထားတဲ့ ကြေးနန်းစာဖြစ်ဖြစ်၊ အမိန့်စာဖြစ်ဖြစ် သက်သေအနေနဲ့ ဖော်ပြဖို့ တောင်းဆိုထားတာ ရှိတယ်ခင်ဗျာ။ အဲဒါ ပြန်နိုင်မယ်။ ပေးနိုင်မယ်ဆိုရင် ကျနော်တို့က ပြန်စဉ်းစားမယ်ဆိုတဲ့ အဆင့်ရောက်နေတယ်”ဟု ဦးလနန်က ထပ်ပြောသည်။

      အစိုးရလိုလားသော ကချင်အတိုင်ပင်ခံကောင်စီ WMR ဥက္ကဋ္ဌ ဦးဆင်ဝါး၊ နာယကအဖွဲ့ဝင် ဦးလုန်ဂျွန်ဆန်မိုင်၊ ဦးလဘန်ဂမ်အောင်၊ ဦးဒိန်ယော်ဇော်အိန်တို့ ၄ ဦးတို့က သောကြာနေ့နံနက်က KIO ၏ ဌာနချုပ်ရှိရာ လိုင်ဇာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

      ယခု သတင်းရေးသားပေးပို့ချိန်အထိ ကေအိုင်အိုက တောင်းဆိုထားသော တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်က ရှေ့တန်းတပ်များကို အပစ်ခတ်ရပ်စဲရန် ညွှန်ကြားမှု အထောက်အထား တစုံတရာ မရရရှိသေးကြောင်း KIO ဘက်က ပြောသည်။

      ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း၊ ဝန်ကြီးများ၊ ကြံ့ခိုင်ရေးမှ အထွေထွေအတွင်းရေးမှူး ၁ ဦးဌေးဦး၊ အတွင်းရေးမှူး ၂ဦးသိန်းဇော်နှင့် ကချင်အတိုင်ပင်ခံ အဖွဲ့ဝင်တို့ ဇွန်လ ၁၅ ရက်နေ့မှစတင်ကာ ၂ ရက်ကြာ မြစ်ကြီးနားမြို့ ပြည်နယ်လွတ်တော် ရုံးတွင် တွေ့ဆုံပြီးနောက် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။
Source : မဇ္စျိမသတင်းဌာန



၁၂။ အပစ်ရပ်ရန် ကေအိုင်အိုကို ကမ်းလှမ်း

      စစ်အစိုး​ ရလက်ထက် ဆက်သွယ်​ရေး​ဝန်ကြီး​ဟောင်း​ သိန်း​ဇော်က ​စေလွှတ်တဲ့​ အဖွဲ့တဖွဲ့ဟာ ​ကေအိုင်အိုဌာနချုပ် လိုင်ဇာကို ​ရောက်ရှိ​နေပြီး​ အစိုး​ရနဲ့ ​ကေအိုင်အိုအကြား​ အပစ်အခတ်ရပ်စဲ​ရေး​လုပ်ဖို့ ​ကေအိုင်အို​ခေါင်း​ဆောင်​တွေကို တင်ပြ​ပြောဆို​နေပါတယ်။

      မြစ်ကြီး​နား​သား​ ဦး​သိန်း​ဇော်ဟာ ပြည်​ထောင်စုကြံ့ခိုင်​ရေး​နဲ့ ဖွံ့ဖြိုး​ရေး​ပါတီ မြစ်ကြီး​နား​မြို့​ ပြည်သူ့လွှတ်တော်ကိုယ်စား​လှယ်ဖြစ်သလို ကချင်ပြည်နယ် ပြည်ခိုင်ဖြိုး​ပါတီရဲ့​ တာဝန်ခံလည်း​ဖြစ်ပါ တယ်။

      သူ​ စေလွှတ်လိုက်သူ​တွေက​တော့​ ကချင်အမျိုး​သား​ အတိုင်ပင်ခံအဖွဲ့က ဦး​ဆင်ဝါး​ဦး​ဆောင်တဲ့​ ​လေး​ဦး​ပါအဖွဲ့ဖြစ်ပြီး​ ဘာအ​ထောက်အထား​မှ ပါမလာဘူး​လို့​ ​ကေအိုင်အို တွဲဖက်အ​ထွေ​ထွေအတွင်း​ရေး​မှူး​ ဦး​လနန်က​ပြောပါတယ်။

      ဦး​သိန်း​ဇော်ဟာ ဒီလ ၁၅ ရက်နဲ့ ၁၆ ရက်​တွေမှာ မြစ်ကြီး​နား​ကို​ရောက်လာပြီး​ ကချင်ပြည်နယ်ဝန်ကြီး​အဖွဲ့နဲ့တွေ့​ဆုံသလို ကချင်အမျိုး​သား​အကြံ​ပေး​အဖွဲ့နဲ့လည်း​ ​ဆွေး​နွေး​ပွဲ​တွေလုပ်တာကြား​ရပြီး​ ဒီက​နေ့မှာ​တော့​ လိုင်ဇာဌာနချုပ်ကို အပစ်ရပ်​ရေး​ လူလွှတ်ကမ်း​လှမ်း​မှုဖြစ်လာတာလို့ ဦး​လနန်က ​ပြောပါ တယ်။

      ကိုယ်စား​လှယ်အဖွဲ့ကို မြန်မာအစိုး​ရက​ရော၊​ မြန်မာ့​တပ်မ​တော်ကပါ ​စေလွှတ်တာ မဟုတ်ဘဲ ပြည်ခိုင်ဖြိုး​ပါတီ​ခေါင်း​ဆောင်တဦး​က ​စေလွှတ်တာ ဖြစ်ပါတယ်။

      တော်လှန်​ရေး​ အဖွဲ့အစည်း​တခုကို တိုက်ခိုက်ဖို့ အမိန့်ပေး​နိုင်တဲ့​ တာဝန်ရှိဆုံး​အဖွဲ့ဟာ အမျိုး​သား​ကာကွယ်​ရေး​နဲ့ လုံခြုံရေး​ကောင်စီသာဖြစ်ပါတယ်။

      ဦး​သိန်း​ဇော်က ကိုယ်စား​လှယ်အဖွဲ့က​နေ ​ကေအိုင်အိုထံကို ​လေး​ချက် ​ပြောပါတယ်​။ (၁) အစိုး​ရတပ်နဲ့​ အပစ်ရပ်ဖို့၊ (၂) အစိုး​ရတပ်ဘက်က တဖက်သတ် အပစ်ရပ်ထား​ပြီး​ပြီဆိုတဲ့​အချက်နဲ့​ တပ်လှုပ်ရှား​မှု မလုပ်ဖို့ထိန်း​ထား​လိုက်ပြီဆိုတဲ့​အချက်​၊ (၃) ​ကေအိုင်အိုက သ​ဘောတူရင် ​နေရာတခုမှာ အပစ်ရပ် လက်မှတ်ထိုး​ဖို့​နဲ့​ (၄) ​ကေအိုင်အိုဘက်က သ​ဘောထား​ကို ​မေး​မြန်း​ချက်​တွေပဲ ဖြစ်ပါတယ်။

      ကေအိုင်အိုဘက်က လာ​ရောက်တဲ့​အဖွဲ့ဟာ (၁) ကိုယ်စား​လှယ်အဖြစ် တာဝန်လွှဲ တဲ့​ စာရွက်စာတမ်း​ အ​ထောက်ထား​ ပါမလာဘူး၊​ ​ (၂) ဦး​သိန်း​ဇော်ဟာ လက်ရှိအစိုး​ရအဖွဲ့ဝန်ကြီး​မဟုတ်ဘူး၊ (၃) ​ရှေ့​တန်း​စစ်​မြေပြင်မှာ တိုက်ခိုက်ခြင်း​မပြုလုပ်ဖို့ ညွှန်ကြား​ချက် အမိန့်စာ​တွေကို ပြပါဆိုတာကိုလည်း​ မပြသနိုင်ပါဘူး​ လို့ ပြန်လည်​ပြောဆိုခဲ့​တယ်လို့ ဆိုပါတယ်။

      ကေအိုင်အိုဘက်က အရင်တုန်း​က အစိုး​ရဘက်က ကတိကဝတ် ​ဖောက်ဖျက်မှု​တွေအ​ပေါ် ​ထောက်ပြပြီး​ ယုံကြည်ဖို့ ခက်ခဲ​နေပါတယ်။

ဦး​လနန်က “ပါး​စပ်နဲ့ ​ပြောလိုက်ရုံနဲ့ ကျ​နော်တို့​ဘက်က ပြန်ပြီး​တော့​ လက်ခံမယ်ဆိုတဲ့​ သူတို့​ ယုံကြည်ချက်များ​ ရှိသလား​တော့​ မသိဘူး​။ ကျ​နော်တို့​လည်း​ ဒီ​ဒေသမှာ တိုက်ပွဲ​တွေ မဖြစ်​စေချင်ပါဘူး​။ ဒါ​ပေမယ့်​ သူတို့ ​ပြောဆိုလာတဲ့​ အချက်​တွေမှာ ကျ​နော်တို့​ အများ​ကြီး​ သုံး​သပ်တာ​တွေ ​လေ့​လာဆန်း​စစ်တာ​တွေ လုပ်ရပါတယ်။ အရင်တုန်း​က ၉၄ ခုနှစ်တုန်း​ ကလည်း​ ကျ​နော်တို့​ အပစ်ခတ်ရပ်စဲ လုပ်ခဲ့​ကြတယ်။ ဒါ​ပေမယ့်​ အဲဒီ အပစ်ခတ်ရပ်စဲ​ရေး​ကလည်း​ ဘာမှ အရာမထင်ခဲ့​ဘူး​။ ဒါ​ကြောင့်​မို့​ အခုက​တော့​ အဓိက က​တော့​ ပထမအဆင့်​က​တော့​ သူတို့​ ​ပြောဆိုတဲ့​ အစိုး​ရတပ်ဘက်က အပစ်ခတ် ရပ်ဆိုင်း​တယ်ဆိုတဲ့​ သက်​သေအ​ထောက်အထား​ ကျ​နော်တို့​ လိုချင်တယ်။ အဲဒီ သက်​သေ အ​ထောက်အထား​ ခိုင်မာတယ်ဆိုရင် ကျ​နော်တို့​ဘက်ကလည်း​ ပြန်ပြီး​တော့​ စဉ်း​စား​ပါမယ်။ သူတို့​ကလည်း​ ပြန်ပြီး​တော့​ အပစ်ခတ်ရပ်ဆိုင်း​တာမျိုး​ ​ခေတ္တခဏ အတိုင်း​အတာ တခုအထိ အပစ်ခတ်ရပ်ဆိုင်း​တာမျိုး​ လုပ်မလား​ မလုပ်ဘူး​လား​ ဆိုတာ ​နောက်တဆင့်​ ​ကေအိုင်အို ဗဟို​ကော်မတီမှာ ဒီအဆင့်​ကို စဉ်း​စား​ရပါမယ်။ ​နောက်ပြီး​တော့​ သူတို့ ဒီလို ​ပြောဆို​ပေမယ့်​ သူတို့ရဲ့ ဒီတပ်အင်းအား​ ထပ်ပြီး​တော့​ တိုး​လာတာ မရှိ​ပေမယ့်​ နဂိုရှိရင်း​စွဲ ​တောထဲမှာ ထည့်​ထား​တဲ့​ တပ်ရင်း​တပ်ဖွဲ့တွေ အင်းအား​တွေက​တော့​ ပုံမှန်ပါပဲ။ အဆင်သင့်​ လုပ်ထားတဲ့​ ​သ​ဘော မြင်​တွေ့​ရတယ်။”

      အခုလ ၉ ရက်​နေ့က စလို့​ ​ကေအိုင်​အေနဲ့​ အစိုး​ရတပ်​တွေအကြား​ တိုက်ပွဲ​တွေစဖြစ်ပါတယ်၊​ ၁၃ ရက်​နေ့ထိ တိုက်ပွဲကြီး​ဖြစ်ပြီး​ ​နောက်ပိုင်း​ တိုက်ပွဲငယ်​တွေသာ ဖြစ်ပွား​နေခဲ့​တာပါ၊​ ဒီက​နေ့မှာ​တော့​ မိုး​ညှင်း​မြို့နယ်ထဲမှာ ​ကေအိုင်​အေတပ်ဟာ ၂ လက်​အောက်ခံတပ်ရင်း​ (၅) နဲ့ အစိုး​ရတပ်အကြား​ တိုက်ပွဲ ဖြစ်ပါတယ်။

      တိုက်ပွဲ​တွေ​ ကြောင့်​ ​ထောင်​ပေါင်း​များ​စွာ​သော စစ်​ပြေး​ဒုက္ခသည်​တွေဟာ မြစ်ကြီး​နား​ ဝိုင်း​မော်ဘက် စတဲ့​မြို့​တွေနဲ့​ တရုတ်မြန်မာနယ်စပ်ကို ထွက်​ပြေး​တိမ်း​ရှောင်​နေကြပါတယ်။

      တရုတ်နိုင်ငံတွင်း ​ကို စစ်​ပြေး​ဒုက္ခသည်​ထောင်နဲ့ချီ ဝင်​ရောက်ပြီး​နောက်မှာ​တော့​ မြန်မာအစိုး​ရအ​ပေါ် ဩဇာရှိတဲ့​ တရုတ်အစိုး​ရက မ​နေ့က သတင်း​စာရှင်း​လင်း​ပွဲလုပ်ပြီး​ ငြိမ်း​ငြိမ်း​ချမ်း​ချမ်း​ ​ဆွေး​နွေး​ဖြေရှင်း​ဖို့ တိုက်တွန်း​ထား​ပါတယ်။
Source : DVB ဒီမိုကရက်တစ် မြန်မာ့အသံ



၁၁။ ကုလသမဂ္ဂကကြားဝင် ဖြန်ဖြေပေးဖို့ ကချင်အဖွဲ့အစည်းတောင်းဆို
RFA မြန်မာသတင်းဌာနနားဆင်ရန်
      စစ်ရေးတင်းမာပြီး အခြေအနေတွေ မငြိမ်သက်သေးတဲ့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ဒေသတွင်းက စစ်ပြေး ဒုက္ခသည် ပြည်သူတွေကို အကာအကွယ်ပေးဖို့ အတွက် ပြည်ပ အခြေစိုက် KNO ကချင် အမျိုးသား အစည်းအရုံးရဲ့ အမေရိကန် တာဝန်ခံ ဖြစ်သူ ကိုဂမ်ဆန်ဟာ ကုလသမဂ္ဂ ဆိုင်ရာ သံတမန်တချို့နဲ့ မနေ့က တွေ့ဆုံပြီး အကူအညီ တောင်းခံလိုက်ပါတယ်။

      ကချင် လွတ်မြောက်ရေး တပ်မတော် KIA နဲ့ မြန်မာ အစိုးရတပ်တွေကြား စစ်ပွဲတွေ ဆက်မဖြစ်အောင် ဖြန်ဖြေပေးမယ့် ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် အဖွဲ့တဖွဲ့ စေလွှတ်ပေးရေး အပါအ၀င် အချက်(၃) ချက်ကို အဓိက တောင်းဆိုခဲ့တယ်လို့ ကိုဂမ်ဆန် က RFA ကို ပြောပါတယ်။

      နယူးယောက်မြို့ ကုလ သမဂ္ဂရုံးမှာ ပြုလုပ်တဲ့ ကြားနာပွဲကို ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေက သံတမန်တွေ အမေရိကန်၊ လက်တင် အမေရိကနဲ့ အာရှနိုင်ငံက သံတမန်တွေ စုစုပေါင်း သံတမန် (၂၀) လောက် တက်ရောက်ပါတယ်။

      ICRCကမ္ဘာ့ကြက်ခြေနီအဖွဲ့ ကတော့ အိန္ဒိယ မြန်မာနယ်စပ်က သူတို့ရဲ့ဝန်ထမ်းတွေကို အရေးပေါ်တပ်လှန့်ထားမယ်လို့ ကတိပေးကြောင်း KNO အဖွဲ့က ကိုဂမ်ဆန်က RFAကို ပြောပါတယ်။

      ကုလသမဂ္ဂ ဆိုင်ရာ သံတမန်တွေနဲ့ ဘယ်လို ဆွေးနွေးခဲ့သလဲ ဆိုတဲ့ အကြောင်း သိရအောင် KNO အဖွဲ့ရဲ့ အမေရိကန် ဆိုင်ရာ တာဝန်ခံ ကိုဂမ်ဆန်ကို RFA ကိုဥာဏ်ဝင်းအောင်က မေးမြန်းထားပါတယ်။
Source : RFA မြန်မာသတင်းဌာန


၁၀။ စစ်ဗိုလ်ကို KIA ဖမ်း၊ ကချင်အရေးဘယ်လိုရှင်းမလဲ

Source : BBC မြန်မာပိုင်းအစီအစဉ်

၉။ KIA အပေါ် ထိုးစစ်ဆင်နေတာ ရပ်တန့်ဖို့ အမေရိကန် တောင်းဆို

VOA မြန်မာနားဆင်ရန်
KIA နှင့် မြန်မာအစိုးရ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ကချင်ဒုက္ခသည်များ။ ဓာတ်ပုံ ဗွီအိုအေ (မြန်မာဌာန)


      မြန်မာအစိုးရတပ်တွေ အနေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ကို ထိုးစစ်ဆင် တိုက်ခိုက်နေတာတွေ ချက်ချင်းရပ်တန့်ဖို့ အမေရိကန် ပြည်ထောင်စုက တောင်းဆိုလိုက်ပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲ အခြေအနေတွေကို အမေရိကန်အစိုးရ အနေနဲ့ သတိထား စောင့်ကြည့်နေတဲ့အကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ ဒီအကြောင်းနဲ့အတူ ကချင်ပြည်နယ်အတွင်းက နောက်ဆုံးအခြေအနေတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

      ကချင်ပြည်နယ်အတွင်း မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တို့အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဒုက္ခသည်တွေ သောင်းနဲ့ချီ တရုတ်နိုင်ငံထဲကို ထွက်ပြေးလာနေတဲ့ အချိန်မှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာအစိုးရကို အခုလို တောင်းဆိုလိုက်တာပါ။

      အမေရိကန်အစိုးရ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့် လေ့လာနေတယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် (Kelly McKellog) က ပြောပါတယ်။

“ကချင်ပြည်နယ်အတွင်း အခြေအနေတွေဟာ အမျိုးမျိုး ပြောင်းလဲလာနိုင်တာကြောင့် အမေရိကန်ပြည်ထောင်စု အနေနဲ့ အခြေအနေတွေကို သတိထား စောင့်ကြည့်နေ ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၉ ရက်နေ့ကတည်းက မြန်မာအစိုးရ တပ်တွေနဲ့ ကချင်လက်နက်ကိုင် အဖွဲ့အကြားမှာ တိုက်ပွဲဖြစ်နေတယ် ဆိုတာကို ကျမတို့ ကြားသိရပါတယ်။ အရေအတွက် အတည်ပြုလို့ မရနိုင်တဲ့ မြန်မာဒုက္ခသည်တွေလည်း တရုတ်နိုင်ငံထဲကို ထွက်ပြေးကြတယ် ဆိုတာကို ကျမတို့ သိပါတယ်။

“ဒါကြောင့် မြန်မာအစိုးရ အနေနဲ့ ဒီတိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဖြစ်ပေါ်စေမယ့် တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ အမေရိကန်က တောင်းဆိုပါတယ်။”

      အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ အမျိုးသမီး ကယ်လီ မက်ကဲလော့ဂ် ပြောသွားတာ ဖြစ်ပါတယ်။

      ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေဖြစ်ပြီး သီတင်း တပတ်လောက်အကြာ သူ့နိုင်ငံထဲ ဒုက္ခသည်တွေ သောင်းနဲ့ချီ ၀င်ရောက်လာတော့မှ တရုတ်နိုင်ငံ အနေနဲ့ အခြေအနေတွေကို အနီးကပ် စောင့်ကြည့်နေပါတယ်လို့ တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်းလီ (Hong Lei) က ကြာသပတေးနေ့မှာ ပြောခဲ့ပါတယ်။

“အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေပါတယ်။ တရုတ်နဲ့ မြန်မာနိုင်ငံ နယ်စပ်က အခြေအနေနဲ့ ပတ်သက်ပြီး သက်ဆိုင်သူတွေ အားလုံး အခြေအနေ ပိုဆိုးမသွားအောင် အေးအေးဆေးဆေးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့၊ သဘောထား ကွဲလွဲမှုတွေကို ဆွေးနွေးညှိနှိုင်း အဖြေရှာကြဖို့ လိုပါတယ်။ ဒီလို တဘက်နဲ့တဘက် ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့် မြန်မာနိုင်ငံသားတချို့ နယ်စပ်ကိုဖြတ်ပြီး တရုတ်နိုင်ငံထဲ ၀င်လာကြပါတယ်။ သူတို့ရဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေဆီမှာ ခိုလှုံကြဖို့ ဖြစ်ပါတယ်။

“တရုတ်နိုင်ငံအနေနဲ့ ထုံးစံအတိုင်း လိုအပ်တဲ့ အကူအညီတွေ ပံ့ပိုးပေးနေပါတယ်။ မြန်မာစစ်ပြေး ဒုက္ခသည်တွေကို လက်မခံဘဲ ပြန်လွှတ်ပေးနေတယ်ဆိုတာ လုံးဝ မဟုတ်ပါဘူး။”
      အခုနောက်ဆုံး သိရတဲ့ အခြေအနေအရ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတုန်းဖြစ်ပြီး တရုတ်နိုင်ငံဘက်ကို ထွက်ပြေးလာသူ အရေအတွက်ဟာ ၂၀,၀၀၀ နီးပါး ရှိနေပြီလို့ သတင်းတွေ ထွက်နေပါတယ်။ KIA ဌာနချုပ်ရှိရာ လိုင်ဇာမှာတင် ဒုက္ခသည် ၂,၀၀၀ ကျော် ရောက်နေတယ်လို့ ဒီအခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့်နေတဲ့ ကချင်သတင်းဌာန အယ်ဒီတာ ဦးနော်ဒင်းက ပြောပါတယ်။

      ဒုက္ခသည်တွေဟာ စစ်ဘေးရန်က လွတ်မြောက်ဖို့အပြင် မြန်မာစစ်တပ်က ပေါ်တာအဖြစ် သူတို့ကို အသုံးပြုမှာ စိုးတဲ့အတွက် အခုလို အလုံးအရင်းနဲ့ ထွက်ပြေးနေကြတာလို့ ဦးနော်ဒင်းက ပြောပါတယ်။

“ဒုက္ခသည်တွေကတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ ထိန်းချုပ်တဲ့ တရုတ်နယ်စပ်ဘက်ကို ထွက်လာတာ ဖြစ်တယ်။ နယ်စပ်ကတော့ ၂၀,၀၀၀ နီးပါးလောက် ရောက်နေပြီလို့ ပြောတယ်။ ဒါပေမဲ့ ဒုက္ခသည်တွေက တိတိကျကျ ဒုက္ခသည်စခန်းလည်း မရှိတော့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ပဲ အဓိကတော့ သူတို့က စစ်ပွဲကို ရှောင်တာထက် မြန်မာစစ်တပ်တွေရဲ့ ပေါ်တာဆွဲတာကို သူတို့ ကြောက်တော့ နယ်စပ်ဘက် လုံခြုံတဲ့ နေရာကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ထွက်ပြေးတဲ့ ဒုက္ခသည်တွေက အများစုဖြစ်တယ်ဆိုတာ သိရတယ်။”

      လောလောဆယ်မှာတော့ တရုတ်အစိုးရက ဒုက္ခသည်တွေကို ပြန်မောင်းမထုတ်ဘဲ ၀င်လာခွင့် ပြုနေတုန်း ဖြစ်တယ်လို့ ဦးနော်ဒင်းက ပြောပါတယ်။

“တရုတ်အစိုးရက အစောပိုင်းကတော့ ၀င်လာတဲ့ ဒုက္ခသည်တွေကို သူတို့က စစ်ဆေးမှုတွေ အတော်လေး လုပ်တယ်။ လုံးဝမ၀င်နဲ့ဆိုတဲ့ ပုံစံနဲ့ ဟန့်တားတာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို အဓိက ၀င်ခိုင်းတယ်။ ဒါပေမဲ့ တရားဝင် လက်မှတ်ပုံစံနဲ့ လက်မှတ်ယူပြီး ၀င်ခိုင်းတာ ဖြစ်တယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ၂ ရက်ကနေ စပြီး တရားဝင်ရော၊ တရားမ၀င်ရော သက်ကြီးရွယ်ငယ် မရွေး ၀င်လာတဲ့ ဒုက္ခသည်တွေ အားလုံးကို လက်ခံနေပြီ ဆိုတာ သိရပါတယ်။ ဒါပေမဲ့ တခုကတော့ ဒုက္ခသည်စခန်း သတ်သတ်ဆိုတာ မရှိတာပဲ။”

      တရုတ်ပြည်ဘက် ထွက်ပြေးသွားကြတဲ့ ဒုက္ခသည်တွေရဲ့ စားဝတ်နေရေး ကိစ္စတွေကိုတော့ လောလောဆယ်မှာ KIO ကပဲ တတ်နိုင်သလောက် တာဝန်ယူထားပေမဲ့ ရေရှည်မှာ အခက်အခဲ ရှိနိုင်တယ်လို့ ကချင်လွတ်မြောက်ရေးတပ်က အရာရှိတွေက ပြောပါတယ်။

      ဒါကြောင့်လည်း အခု တရုတ်ပြည်ထဲ ရောက်နေကြတဲ့ စစ်ပြေးဒုက္ခသည်တွေကို တရုတ်အစိုးရ အနေနဲ့ တတ်နိုင်သလောက် အကူအညီပေးဖို့ ကချင်အမျိုးသား အစည်းအရုံးက အတွင်းရေးမှူး ဒူးဝါး မခေါ်ခွန်ဆာက တောင်းဆိုလိုက်ပါတယ်။

“ကျနော်တို့ အနေနဲ့ ဖြစ်စေချင်တာကတော့ KIO၊ KIA နဲ့ကလည်း တဘက်ကလည်း တော်လှန်ရေးကို၊ တိုက်ပွဲတွေကို ဆက်တိုက်နေတာ၊ တဘက်ကလည်း ထွက်ပြေး တိမ်းရှောင်လာတဲ့ အပြစ်မဲ့ လူထုတွေကို ကူညီစောင့်ရှောက်ဖို့ဆိုတာ ရေရှည်မှာ မဖြစ်နိုင်ဘူး ဆိုတဲ့ဟာကို ကျနော့်အနေနဲ့ နားလည်သဘောပေါက်တယ်။ အဲဒါကြောင့် ဖြစ်နိုင်မယ် ဆိုရင်တော့ တရုတ်အစိုးရ အနေနဲ့ နိုင်ငံတကာက ၀င်ရောက် ကူညီတာ မကြိုက်ဘူး ဆိုရင်လည်း သူတို့ နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့အညီ ကူညီစောင့်ရှောက် နိုင်အောင် ကြိုးစားပါ။

“ဒါပေမဲ့ သူတို့မှာလည်း သူတို့နိုင်ငံရဲ့ ပြည်တွင်းရေး အခက်အခဲတွေ၊ သူတို့နိုင်ငံရဲ့ ဘတ်ဂျက်တွေ၊ ငွေရေးကြေးရေးတွေကြောင့် အခက်အခဲဖြစ်တယ် ဆိုရင်လည်း နိုင်ငံတကာက အဖွဲ့အစည်းတွေ၊ ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်း အပါအ၀င်ပေါ့၊ အားလုံး နိုင်ငံတကာက ၀င်ရောက်ပြီးတော့ စစ်ပြေးဒုက္ခသည်တွေကို အကူအညီ ပေးနိုင်ဖို့အတွက် ခွင့်ပြုဖို့ လိုမယ်လို့ ကျနော့်အနေနဲ့ ပြောချင်ပါတယ်။”

      သမ္မတ ဦးသိန်းစိန် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတဲ့အထဲ အမျိုးသား ပြန်လည်ပေါင်းစည်းရေး၊ တိုင်းရင်းသားတွေနဲ့ သွေးစည်းညီညွတ်ရေး ကိစ္စတွေကို ထည့်သွင်း ပြောကြားသွားပေမဲ့ အခုချိန်ထိ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးခြင်း မလုပ်တဲ့အပြင် အခုလို အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်လာနေတာ ဖြစ်ပါတယ်။
Source : VOA News


၈။ KIA နဲ့ မြန်မာအစိုးရတပ် တိုက်ပွဲ ပြင်းထန်


ဇွန် ၁၅၊ ၂၀၁၁- ဆန်ဂန် တိုက်ပွဲတွင် မိုးမိတ် အခြေစိုက် ခမရ ၃၄၈ နှင့် အင်မောက် (မိုးမောက်)အခြေစိုက် ခမရ ၄၃၇ တပ်ရင်း ၂ ခုပြုတ်သွားကြောင်း KIA အရာရှိများပြောသည်။ ဓာတ်ပုံ - Jinghpawkasa


      တင်းမာမှုတွေ ဆက်လက် ဖြစ်ပွားနေတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နဲ့ မြန်မာစစ်တပ်တို့ကြား နှစ်ဘက် တိုက်ပွဲတွေ မရပ်မနား ဖြစ်နေကြဆဲ ဖြစ်ပါတယ်။ KIA တပ်တွေ ချထားတဲ့ နေရာတချို့မှာ တိုက်ခိုက်နေကြဆဲ ဖြစ်ပါတယ်။ KIA ဘက်ကလည်း အစိုးရတပ်တွေကို အဟန့်အတား ဖြစ်စေဖို့ လမ်းတံတား ဖျက်ဆီးမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နူးပန်က တင်ပြပေးထားပါတယ်။

      နောက်ဆုံးအချိန်ထိ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ (KIA) နဲ့ မြန်မာအစိုးရတပ်တို့ အခြေအနေ ပြင်းထန်နေဆဲဖြစ်ပြီး မနေ့ညမှာတော့ KIA တပ်ချထားတဲ့နေရာ မိုးမောက်၊ ဗန်းမော်၊ မန်စီမြို့တွေမှာ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ အကျအဆုံး ရှိခဲ့တယ်လို့ KIO ဌာနချုပ် ဒေသခံတယောက်က အခုလို ပြောပါတယ်။

“ဗန်းမော်တ၀ိုက်တွေမှာလည်းဖြစ်တယ်၊ ကျန်တဲ့ နေရာတွေမှာလည်း ဖြစ်တယ်လို့ ကြားပါတယ်။ ဒီ ဗန်းမော်၊ မန်စီ ဒေသမှာလည်း ဖြစ်တယ်။ ပြီးတော့ သူတို့တက်လာတဲ့ ယာဉ်တန်းတွေနဲ့လည်း ဖြစ်တယ်။ အဲဒီယာဉ်တန်းက ကား ၁ စီး တစစီ ဖြစ်သွားတယ်လို့ ကြားထားပါတယ်၊ အစိုးရဘက်က။ အဲဒီမှာ လူ ၆ ယောက် ဒဏ်ရာရတယ်။ သေသွားတဲ့လူ ၂ ယောက်လောက် ရှိတယ်လို့ ကြားပါတယ်။ ပြီးတော့ မန်စီမှာ ဖြစ်တုန်းကတော့ ၁၂ ယောက်လောက် ဒဏ်ရာရပြီးတော့ ၂ ယောက် သေတယ်လို့လည်း ကြားထားပါတယ်။ လိုင်ဇာ အနီးတ၀ိုက်မှာတော့ သေနတ်သံ မကြားရသေးပါဘူး။”

      အခုလို တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ နေရာတွေမှာလည်း မြန်မာတပ်တွေဘက်ကနေ သင်္ဘောနဲ့ ကားနဲ့ စစ်အင်အားတွေ ဖြည့်နေဆဲ ဖြစ်တဲ့အတွက် KIA တပ်တွေဘက်က အဟန့်အတားဖြစ်အောင် အဆက်အသွယ် ဖြတ်တဲ့နည်းနဲ့ တံတားတွေ ချိုးဖောက်နေဆဲ ဖြစ်တယ်လို့လည်း ပြောပါတယ်။ မနေ့ညမှာလည်း ကချင်ပြည်နယ် အနောက်ဘက် KIA တပ်မဟာ ၂ နယ်မြေအတွင်း လီဒိုလမ်းမပိုင်း တနေရာမှာတော့ ယုဇနကုမ္ပဏီ တည်ဆောက်ထားတဲ့ တံတား ၂ စင်းကို KIA တပ်ရင်း ၁၄ က ဖောက်ခွဲ ဖျက်ဆီးလိုက်တယ်လို့လည်း သိရပါတယ်။

လီဒိုလမ်းမမြင်ကွင်း(ဗီဒီယို - Petcha2008)


      KIA အနေနဲ့ အခုလို မြန်မာစစ်တပ်တွေကနေ KIA တပ်နားကို စစ်အင်အားတွေ ဆက်တိုက် ဖြည့်နေတဲ့ အပေါ်မှာ လမ်းပန်းဆက်သွယ်ရေး ပျက်အောင် ပြုလုပ်ခြင်း ဖြစ်တယ်လို့လည်း ဒေသခံက ဆက်ပြောပါတယ်။

“တံတားဖောက်ခွဲတာက မိုးကောင်းဘက်မှာ တချက်၊ နမ္မတီးဘက်မှာ တချက်၊ မြစ်ကြီးနား လိုင်ဇာလမ်း တချက်၊ ဗန်းမော် ကိုင်ထိတ် ဆင်လွမ်ဘွမ် လွယ်ဂျယ်လမ်း အဲဒီလမ်းတွေ၊ ပြီးတော့ မူဆယ်နဲ့ နမ့်ဖတ်ကာကြားက မုန်းပေါ်တံတား၊ အဲဒါတွေ ပြောရမယ်ဆိုရင် ၆ စင်း၊ ၇ စင်းလောက်တော့ ရှိနေပါပြီ။ ဘာကြောင့်ဆိုရင် ဒီတံတားတွေ မဖျက်လိုက်ရင်လည်း မလွယ်ဘူး။ သူတို့အတွက် ရိက္ခာတွေ၊ စစ်အသုံးအဆောင် ပစ္စည်းတွေ အဲဒီကနေ လွယ်လွယ်ကူကူ ပို့ပေးနိုင်တာပေါ့။”

      နောက်ပြီး ဖားကန့်ဒေသ ဂွေခါလမ်း၊ ဟိုပင် နမ်မွန်ကြားက တံတား ၂ စင်းကိုတော့ KIA တပ်ရင်း ၂၆ က ဖျက်ဆီးလိုက်ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ KIA တပ်မဟာ ၂ အရာရှိတွေကလည်း ဒီအကြောင်းနဲ့ ပတ်သက်ပြီး အတည်ပြု ပြောခဲ့ပါတယ်။ အခုချိန်မှာ မြစ်ကြီးနားမြို့ တ၀ိုက်မှာလည်း မြန်မာစစ်တပ်ရဲ့ အမြောက်ကားတွေနဲ့ စစ်ကားတွေဟာ အဆက်မပြတ် ပို့နေတာ တွေ့ရပြီး မြစ်ကြီးနားမြို့ တ၀ိုက်မှာလည်း ရဲတွေနဲ့ ယာဉ်ထိန်းရဲတွေက သေနတ်တွေ ကိုင်ဆောင်ပြီး လုံခြုံရေးတွေ နေရာယူထားတယ်လို့လည်း ဒေသခံက အခုလို ပြောပါတယ်။

“မြစ်ကြီးနားမြို့ တ၀ိုက်မှာ အစိုးရ အဆောက်အဦးတွေမှာလည်း လုံခြုံရေး ချထားတယ်။ ၀န်ကြီးချုပ်အိမ်ရာ၊ ၀န်ကြီးချုပ်နေတဲ့ အိမ်ဘက်ပေါ့နော်၊ သံဆူးကြိုးတွေနဲ့ ရဲတွေလည်း သေနတ်အကောင်းစားတွေနဲ့ အစောင့်တွေ အပြည့်အစုံ လုံခြုံရေး ချထားတာ တွေ့ရှိရတယ်။”

      မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရဲ့ တဘက်ကမ်းက ဒေသခံ အမျိုးသားတွေကိုလည်း မြန်မာစစ်တပ်က ခြိမ်းခြောက်ပြီး မောင်းထုတ်နေတဲ့အတွက် ဒေသခံ အမျိုးသားတွေက မြစ်ကြီးနားဘက်ကို ရှောင်ပြေးလာကြတယ်လို့လည်း ပြောပါတယ်။

      ရှမ်းပြည်နယ် တပ်မဟာ ၄ ကွတ်ခိုင်ဘက်မှာလည်း တိုက်ပွဲငယ်တွေ ဖြစ်ပွားနေပြီး တပ်မဟာ ၁ နဲ့ ၂ ဘက်မှာလည်း ဆက်လက်ပြီး တင်းမာနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းဘက်မှာလည်း မြန်မာစစ်တပ်တွေက တပ်ရင်းချပြီး နေရာယူထားတဲ့အတွက် ဒေသခံတွေက စိုးရိမ် ကြောက်လန့်နေတယ်လို့ အခုလို ပြောပါတယ်။

“နမ့်ခမ်းနဲ့ ဗန်းမော်ကြားက နယ်စပ်ဒေသမှာ အရင်တုန်းက ရှမ်းလူမျိုးတွေရဲ့ လယ်ကွက်တွေ ရှိတယ်။ အခု လောလောလတ်လတ်လည်း လယ်ကွက်တွေရှိတယ်။ အဲဒီနားမှာ မြန်မာစစ်သားတွေ တပ်စွဲထားတယ်။ အရင်တုန်းက အဲဒီမှာ စစ်တပ်ဆိုတာ မရှိဘူးပေါ့။ အခု လောလောလတ်လတ် အနေနဲ့ တပ်စွဲထားတဲ့ အနေအထားမှာ ရှိတယ်။

“နောက်ပြီး ဧည့်စာရင်းတွေ လိုက်စစ်နေတယ်လို့ ကြားတယ်။ ကချင်အိမ်တွေပဲ လိုက်စစ်နေတယ်လို့ ကြားတယ်။ အဲဒါကြောင့် လူငယ်တွေ ထွက်ပြေးတိမ်းရှောင်ချင်တာ ဘယ်ဘက် ထွက်ပြေးရမှန်းမသိ ဖြစ်နေတယ်။ တောင်ပေါ်ဘက် ထွက်ပြေးရင်လည်း ဗမာစစ်သားတွေ တောင်ပေါ်တွေမှာ အကုန်လုံး နေရာယူထားတဲ့ အတွက်ကြောင့်မို့လို့ ဘယ်ဘက်သွားရမှန်းမသိ အဲဒီမှာ နေရာပျောက်နေတယ်။ အဲဒီလို အနေအထားမှာ ရောက်နေတယ်။”

      အခုလို စစ်ပွဲတွေ ဆက်တိုက် ဖြစ်ပွားနေတဲ့အတွက် ဒေသခံတွေ အိုးအိမ်စွန့်ပြီး တရုတ်နယ်စပ်ဘက်ကို ထွက်ပြေးလာတဲ့ လူဦးရေ ၁၀,၀၀၀ ကျော် ရှိနေပြီလို့လည်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အရပ်ဘက် အုပ်ချုပ်ရေး အရာရှိ ဦးဒွဲပီဆာကလည်း ပြောပါတယ်။ အခုလို အခြေအနေတွေ ပိုမိုပြင်းထန်လာတဲ့ အချိန်မှာ တဘက်မှာလည်း KIA က မြန်မာစစ်အစိုးရတပ်နဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့လည်း အဆင်သင့် ဖြစ်တယ်လို့ ပြောပါတယ်။

      မနေ့က KIA အနေနဲ့ ကြေညာချက် ထုတ်ပြန်တဲ့ နေရာမှာလည်း ဘုံရန်သူအဖြစ် မြန်မာ့တပ်မတော်ကို တိုက်ခိုက်ဖို့အတွက် ပူးပေါင်းဖို့ ဆန္ဒရှိတဲ့ သူတွေကို ကြိုဆိုလျက် ရှိနေကြောင်း ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ပါတယ်။

      ကချင်ပြည်သူလူထုတွေ ကြားမှာတော့ အခုလို တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ မိမိရဲ့ အိုးအိမ်နေရာကို စွန့်ခွာပြီး လုံခြုံတဲ့ နေရာတွေဆီ ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။
Source : VOA News


၇။ စစ်ပြေးဒုက္ခသည်တချို့ ဘုန်းကြီးကျောင်းများတွင် ခိုလှုံ

      ဝိုင်းမော်-လိုင်ဇာ လမ်းမ ကဇူးယန် ကျေးရွာတွင် KIAနှင့် မြန်မာစစ်တပ်တို့၏ စစ်ပွဲငယ်ကြောင့် တရုတ်ပြည်နယ်စပ် မသွားနိုင်သော ဒုက္ခသည်များသည် ဝိုင်းမော်မြို့တွင်းရှိ ဘုန်းကြီးကျောင်းများသို့ လာရောက် ခိုလှုံနေသည်။

      ကဇူးယန် ကျေးရွာတွင် ယမန်နေ့ နံနက် ၃နာရီမှ ၅နာရီထိ စစ်ပွဲငယ် ဖြစ်ခဲ့သည်။ အဆိုပါ အနီးအနားရှိ ဂါးရာယန်၊ ဂန်ဒေါင်ယန် စသည့်ကျေးရွာများမှ ဒုက္ခသည် (၃၀၀)ကျော်သည် ဝိုင်းမော်မြို့သို့ ထွက်ပြေးလာခဲ့ခြင်း ဖြစ်သည်။

“စစ်ပြေး ဒုက္ခသည်တွေပေါ့၊ ဝိုင်းမော် ဘုန်းကြီးကျောင်းမှာ လာခိုနားနေတာ။ လူကမနည်းဘူး ဘုန်ကြီးကျောင်းမှာ လာနားတာ” ဟု ဝိုင်းမော်မြို့မှ မြို့ခံတစ်ဦးပြောသည်။


      KIAနှင့် မြန်မာစစ်တပ်တို့၏ (၇) ရက်ကြာ စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခသည်များသည် တရုတ်နယ်စပ်တစ်လျှောက် သွားရောက် တိမ်းရှောင်လာသူများလည်း အယောက် (၁၀၀၀၀)ကျော်ရှိနေပြီ ဖြစ်ကြောင်း KIOမှ သိရသည်။

      ယမန်နေ့ညအထိ KIA ကောက်ခံထားရှိသည့် ဒုက္ခသည် စာရင်းအရ လိုင်ဇာတွင် (၂၂၉၁)၊ တပ်မဟာ (၃) အူရာဘွမ် ဖျင်ရှန် ကျေးရွာတွင် (၃၀၀)ကျော်၊ လွယ်ဂျေတွင် (၄၂၃၈)၊ မန်ဝင်းကျေးရွာတွင်မူ (၂၀၀၀)ကျော်နှင့် မိုင်ဂျာယန်တွင် (၃၀၀)ကျော် ရှိသွားပြီ ဖြစ်ကြောင်း KIOအရပ်ဖက် အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘ ဒွဲပီဆာ ပြောသည်။

      အဆိုပါ တိုက်ပွဲများကြောင့် ကချင်ပြည်နယ်ရှိ မြို့များတွင် အစိုးရတပ်မှ လုံခြုံရေးတပ်များ တင်းကြပ်စွာ ချထားကြောင်း သိရသည်။

“အခုဆို ယာဉ်ထိန်းရဲတွေလည်း သေနတ်နဲ့ပဲ၊ သေနတ်ကိုယ်စီ ကိုင်ထားကြတယ်၊ လမ်း၊ တံတား၊ ဂိတ်တွေမှာဆို ရဲ၊ စစ်သားတွေ စုပြီး လုံခြုံရေး ယူနေကြတယ်။” ဟု မြစ်ကြီးနား မြို့ခံ ဆိုသည်။

      အစိုးရတပ်များ၏ စစ်ဝတ်စုံနှင့် အတူ လက်နက်များကိုင်ဆောင်ကာ ရပ်ကွက်တိုင်း ကင်းလှည့်လည်မှုများကြောင့် ဒေသခံများ ည (၆)နာရီ ကျော်လျင် ညမထွက်ရဲပဲ တစ်မြို့လုံး တိတ်ဆိတ်နေသည်။

      ယခုလို KIAနှင့် မြန်မာစစ်တပ်ကြား စစ်ပွဲမစမည် ၃ ရက်အလိုတွင် ဝိုင်းမော်မြို့နယ်ရှိ တစ်ရပ်ကွက်လျင် လူငယ် (၁၀)ဦးစီ ပြည်သူ့စစ် သင်တန်း တက်ရန် ဦးဇခုန်တိန့်ယိန်း၏ နယ်ခြားစောင့်တပ်မှ ခေါ်ယူခဲ့ကြောင်း ဝိုင်းမော် ရပ်ကွက် လူကြီးမှ ပြောသည်။

“ကျတော်တို့က လူစုပေးတာပေါ့။ လူမရတဲ့အဆုံးက ငှားရတာပေါ့။ ဥက္ကဋ္ဌတွေ ရပ်ကွက်လူကြီးတွေ က ငှားပေးရတာ။ မြန်မာနှစ်ယောက်၊ ကုလားနှစ်ယောက်၊ ရှမ်းပိုင်းနှစ်ယောက် အဲ့လိုမျိုးလေးတွေ ထုတ်ပြီး ပေးလိုက်တယ်။ ဘယ်ရွာမှ မလွတ်ဘူးလေ။ လူငယ်ပိုင်းတွေ ကောက်တာ။”

      မြန်မာစစ်တပ်မှ လူငယ်များကို ပြည်သူ့စစ်သင်တန်းပေးမည်ဟု ခေါ်ယူသွားပြီး ယခုထိ ယင်းလူငယ်များ အကြောင်း တစုံတရာ မကြားကြောင်း ရပ်ကွက်လူကြီးမှ ဆက်ဆိုသည်။

“စစ်တိုက်ဖို့လား သင်တန်းပေးဖို့လားတော့ မသိဘူး။ ဘယ်မှာ သင်တန်းပေးမှန်းလည်း မသိပါဘူး။ တစ်ချို့ကြတော့ ဝါသနာပါကြတယ်။ ကပ်ဖားယပ်ဖားတွေလည်း ရှိတယ် ဆိုတော့ သွားကြတာပေါ့။ ပြန်တော့မလာကြသေးဘူး။”
Source : Kachin News Group


၆။ ကချင်ပြည်နယ် အနောက်ဘက် တံတား ၆စင်း KIA ဖျက်ဆီး

      ဇွန် ၁၅ ရက် ညတွင် ကချင်ပြည်နယ်အနောက်ဘက် KIA တပ်မဟာ ၂ နယ်မြေတွင်လီဒိုလမ်းပိုင်း တနေရာမှ ယုဇန ကုမ္ပဏီကဆောက်လုပ်ထားသည့် တံတား ၂ စင်းအား KIA တပ်ရင်း ၁၄ က ဖောက်ခွဲလိုက်သည်။

      ထို့အပြင် ဖားကန့်-ကားမိုင်းလမ်းပိုင်းမှ တံတား ၂ စင်းကိုလည်း KIA တပ်ရင်း ၆ မှ ဖောက်ခွဲလိုက်သည်။


      ဆက်လက်ပြီး ဖားကန့်-ဂွီခါလမ်း ဟိုပင်-နမွမ်ကြားမှ တံတား ၂ စင်းအား KIA တပ်ရင်း ၂၆ က ဖုံးခွဲဖျက်ဆီးလိုက်သည်။

KIA တပ်မဟာ ၂ မှ အရာရှိများ ကချင်သတင်းဌာသို့ အတည်ပြု ပြောဆိုသည်။
Source : Kachin News Group


၅။ တရုတ်နယ်စပ်သို့ ကချင်စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော် ရောက်၊ ဆက်ရောက်လာနေဆဲ


      ပြီးခဲ့အပတ်မှစတင်သည့် မြန်မာစစ်တပ်နှင့် KIA ကြား စစ်ပွဲကြောင့် အိုးအိမ်စွန့်ထွက်ပြေးလာသူများမှာ တရုတ်နယ်စပ်တစ်လျှောက် လူဦးရေ ၁၀၀၀၀ ကျော်ပြီဟု ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးအရာရှိ ဆလန်ကဘာ ဒွဲပီဆာပြောသည်။

“မနေ့ညစာရင်းအရ လိုင်ဇာမှာ ၂၂၉၁ ၊ တပ်မဟာ ၃ အူရာဘွမ် ဖျင်ရှန်အနားမှာ ၃၀၀ ကျော်၊ လွယ်ဂျေက ၄၂၃၈၊ မန်ဝိန်းဘက် က ၂၀၀၀ ကျော်၊ မိုင်ဂျာယန်ဘက် ၃၀၀ ကျော်မယ်။”


      စစ်ပြေးဒုက္ခသည်များ ၀င်လာဆဲဖြစ်ကာ မိမိရဲ့အိမ် မိမိနေရပ် မလုံခြုံဟုယူဆကာ မိမိရဲ့ရွာ မိမိအိမ်ကိုစွန့်ပြီး ဖယ်ခွာတဲ့လူများကို စစ်ပြေးဟုသတ်မှတ်ထားပြီး ယခုအခါ စစ်ပြေးဒုက္ခသည် ၁၀၀၀၀ အထက်ရှိမည်ဟု အရာရှိက ပြောသည်။
Source : Kachin News Group


၎။ မြန်မာ့တပ်မတော်သားများသို့ KIA၏ ကမ်းလှမ်းချက် ထုတ်ပြန်

      ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA)မှ ဘုံရန်သူ မြန်မာ့တပ်မတော်အား ၎င်းသို့ထံ ပူးပေါင်းရန် ဆန္ဒရှိသူအား ကြိုဆိုလျက်ရှိကြောင်း ကြေညာချက်အား ယနေ့ ထုတ်ပြန်လိုက်သည်။

“ရှေ့တန်းစစ်မျက်နှာပြင်၌ မလွှဲမရှောင်ရင်ဆိုင်တိုက်ခိုက်စဉ် KIA တပ်မတော်ထံသို့ ပူးပေါင်းဝင်ရောက်လာသော မြန်မာ့တပ်မတော်သားများအားလုံးကို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်းများနှင့်အညီ ကြိုဆိုလက်ခံသွားမည် ဖြစ်ပါသည်။” ဟု ရေးသားဖော်ပြထားသည်။


      ယင်းကြေညာချက်နှင့်ပက်သက်ပြီး ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ နိုင်ငံရေးပြောရေးဆိုခွင့်ရှိသူ ဒူကဘာလနန်မှ “ကျတော်တို့ တပ်အသီးသီးကို ပေးပို့ထားလိုက်ပြီ။ ဒါဟာ ကျတော်တို့ လုပ်ဖို့ လိုအပ်လာလို့ လုပ်ရတာပါ။” ဟု ဆိုသည်။

      ရှေ့တန်းရောက် KIA အရာရှိတစ်ဦးကမူ “မနက်က ၀rder ကျတယ်၊ ပူးပေါင်းလာတဲ့လူတွေကို ကောင်းကောင်းမွန်မွန်လက်ခံဖို့၊ ဒဏ်ရာရလာတဲ့သူတွေကို နောက်တန်းကို အမြန်ဆုံးပို့ဖို့” ဟု ပြောသည်။

      ကြေညာချက်တွင် အချက် (၆)ချက်ကို ဖော်ပြထားပြီး ယခု နှစ်ဖက်ကြား စစ်ရေးဖြစ်ပေါ်နေခြင်းသည် KIA အနေဖြင့် စစ်မှန်သောပြည်ထောင်စု ပေါ်ထွန်းရေးအတွက် အာဏာရှင် အစိုးရအား နိုင်ငံရေးအရ တော်လှန်နေခြင်းသာ ဖြစ်ကြောင်း ဆိုသည်။

      တစ်ဆက်တည်းမှာပင် လွတ်လပ်၍ တရားမျှတသော ပြည်ထောင်စု နိုင်ငံတော်သစ်ဆီသို့ လျင်မြန်စွာရောက်ရှိရေး အာဏာရှင်စနစ် ကွယ်ပျောက်ရန် လိုအပ်သည်ဟု KIA ယုံကြည်ချက် ပါရှိသည်။
Source : Kachin News Group


၃။ ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းမကြား တံတားတခု KIA ဖျက်ဆီး

      မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် အရှေ့ဘက် ဝိုင်းမော်-ကန်ပိုင်တီ လီဒိုလမ်းကြား လန်နုချောင်း (Lant Nu stream) တံတားအား ယမန်နေ့ည (၉)နာရီတွင် KIAမှ ဗုံးဖေါက်ခွဲ ဖျက်ဆီးခဲ့သည်။

      ယင်း ဗုံးဖေါက်ကွဲမှုကြောင့် ၁ပေခန့်စီရှိ အပေါက် နှစ်ခု ပေါက်သွားခဲ့ကာ တံတားအောက်၌ မပေါက်သေးသည့် ဗုံးနှစ်လုံးမှာ ရှိနေသေးသည်ဟု မျက်မြင် ဆဒုံ ဒေသခံ ပြောသည်။ ကျန်ရှိနေသေးသည့် ဗုံးကြောင့် မြန်မာအစိုးရမှ မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာခွင့်အား ပိတ်ပင်ထားသည်။

“အပေါက်နှစ်ပေါက်တော့ ပေါက်နေတယ်။ အခုဆို ဒေသခံတွေ အားလုံး အကုန် သတိနဲ့ နေနေရတယ်။ သေနတ်သံတွေ တော့ မကြားရသေးဘူး။”


      ယင်း ပေ (၁၀၀)ကျော် ကွန်ကရစ်တံတားတွင် မော်တော်ယာဉ်ကြီးအား ပိတ်ပင်ထားသော်လည်း ဆိုင်ကယ်နှင့် သုံးဘီး ဆိုင်ကယ်များကိုမူ ဖြတ်သန်းခွင့်ပြုထားကြောင်း သိရသည်။

      ဇွန်လ (၁၄) ရက် တစ်ရက်တည်းတွင် ဗုံးပေါက်ကွဲခြင်းကြောင့် ကချင်ပြည်နယ်ရှိ တံတား (၄) စင်း ပျက်စီးခံရသည်။ အဆိုပါ တံတားများမှာ ၀ိုင်းမော်မြို့ရှိ တန် ၆၀ ခံ နန့်မြစ် (N-Myen Hka)ချောင်းကူးတံတား၊ KIO ရေအားလျှပ်စစ်ထုတ်လုပ်သည့် မလီ(Mali Hka)ချောင်းကူးတံတား၊ လန်နုတံတား တို့ဖြစ်ကာ တစ်စင်းကိုမူ အတိအကျ မသိရသေးပေ။

      ထို့ပြင် ရှမ်းပြည်နယ် KIA တပ်မဟာ (၄) အနီးရှိ မန္တလေး-မူဆယ် ကားလမ်းမှ နမ်ဖတ်ကာတံတားနှင့် တာမိုးညဲ-မုန်းစီကားလမ်းရှိ နမ်ဆာခမြစ်တံတား၊ (၂)စင်းလည်း ပျက်စီးခဲ့ရသည်။

      တာခေါခ(တာပိန်မြစ်) ရေကာတာ ၂ ခုရှိရာသို့ အဓိက ဆက်သွယ်ပေးနေသည့် နမ်ဖတ်ခ ချောင်း တံတားလည်း ဇွန်လ (၁၃)ရက်နေ့တွင် KIAမှ ဗုံးခွဲဖျက်ဆီးလိုက်သည်။

      ဖေါက်ခွဲမှု ခံရသည့် ဝိုင်းမော်မြို့ရှိ နန့်မြစ် ချောင်းကူးတံတားကိုမူ မြန်မာစစ်တပ်မှ လျင်မြန်စွာ ပြင်ဆင်လိုက်ပြီး စစ် မော်တော်ယာဉ်တန်းများ ပြန်လည် ဖြတ်ကျော်နေပြီ ဖြစ်ကြောင်း ဝိုင်းမော် ဒေသခံများ ဆိုသည်။
Source : Kachin News Group


၂။ NDA-K ခေါင်းဆောင်ဟောင်းများအား နေအိမ်အကျယ်ချုပ်ချ

      NDA-K ခေါင်းဆောင်ဟောင်း အမျိုးသားလွှတ်တော်အမတ် ဦးဇခုံတိန့်ယိန်းနှင့် NDA-K စစ်ဦးစီးချုပ်ဟောင်း ဦးဝေါ့လောဝ်တို့အား မြစ်ကြီးမြို့၎င်းတို့နေအိမ် တွင် မြန်မာအစိုးရက နေအိမ်အကျယ်ချုပ် ချထားသည်ဟု ခေါင်းဆောင်နှစ်ဦးနှင့်နီးစပ်သည် သူများပြောသည်။

      ဒီမိုကရေစီသစ်တပ်မတော်-ကချင်ပြည်နယ် (New Democratic Army-Kachin, NDA-K) သည် မြန်မာစစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force, BGF) အသွင်သို့ ၂၀၀၉ နိုဝင်ဘာလတွင် ပြောင်းလဲခဲ့သည်။


      မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်၏ အမိန့်ဖြင့် ယင်း ခေါင်းဆောင် ၂ ဦးအား နေအိမ်ပြင်ပထွက်ခွာခွင့် ပိတ်ပင်ထားခြင်းဖြစ်သည်ဟု ၎င်းတို့ဆွေမျိုးများက ပြောသည်။

      NDA-K ကို ဖျက်သိမ်းပြီးဖြစ်သော်လည်း ၎င်းတို့နှစ်ဦးမှာ ယခုအခါ တပ်ရင်း ၃ ခုဖြင့် ဖွဲ့စည်းထားသည့် BGF အပေါ် သြဇာလွှမ်းမိုးသူများဖြစ်သည်ဟု ဆိုသည်။

      ပြည်တွင်းစစ်အတွက် BGF တပ်အား အသုံးမပြုရန်နှင့် ပြည်ပရန်သူအတွက်သာ အသုံးပြုရမည်ဟူသော အစိုးရနှင့် NDA-K ကြား သဘောတူညီဖြင့် NDA-K အား BGF သို့ပြောင်းလဲဖွဲ့စည်းခဲ့သည်။

      သို့သော်ယခုအခါ အစိုးရက ယင်းသဘောတူညီမှုကိုဖောက်ဖျက်ကာ BGF တပ်များကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) လိုင်ဇာဌာနချုပ်သို့ အခြားစစ်ကြောင်းများနှင့်အတူ ပို့ထားကြောင်း သိရသည်။
Source : Kachin News Group


၁။ ပြည်ပရောက် ကချင်အမျိုးသားများ၏ ကြေညာချက်

Source : Kachin News Group
Tags: , ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။