« »

ရွှေနိုင်ငံသို့


ရင်နာရပါတယ် ဆိုတာထက် ရင်နင့်ရပါတယ်ဆိုရင်ပို မှန်ပါလိမ့်မယ်။ မြင်နေရ ကြားနေရတာတွေက တခုမှစိတ်ချမ်း သာစရာမရှိဘူး။ မြန်မာပြည်က မိကောင်းဖခင်သားသမီးလေး တွေ မလေးရှားမှာ လာအလုပ်လုပ်ကြတော့ ပညာမတတ် မိုက်ရိုင်းတဲ့ တရုတ်၊ ကုလားတွေ လက်အောက်မှာ ထားရာနေ၊ စေရာသွား၊ ခိုင်းတာလုပ်၊ ကျွေးတာစား ဘဝနဲ့နေ့စဉ်ရုန်းကန် နေတာမြင်ကြား နေရတော့ ဘယ်မှာ စိတ်ချမ်းသာပါ့မလဲ။

မနှစ်က အသက် ၃၀ လောက် မြန်မာအမျိုးသမီးတ ယောက်ပြောတာကြားခဲ့ရတယ်။ ကျမက ကျောင်းဆရာမပါ။ မောင်နှမ ၅ ယောက်ရဲ့ စရိတ်ကို အမေမုဆိုးမနဲ့ ကျမရဲ့ လစာနဲ့ မလောက်ဘူး။ အပိုဝင်ငွေလေးရလိုရငြား သူများတွေ နိုင်ငံခြား သွားအလုပ်လုပ်တာ အဆင်ပြေတယ်လို့ ပြောသံ ကြားတော့ ရှိစုမဲ့စုလေးနဲ့ မလေးရှားမှာ စာပွဲထိုးလုပ်ဖို့ ပွဲစားနဲ့ လာခဲ့ရတယ်။ ဒီရောက်တော့ တရုတ် လင်မယားဖွင့်ထားတဲ့ ကော် ဖီဆိုင်မှာ စားပွဲထိုး လုပ်ရတယ်။ အလုပ်ချိန်က ညနေ ၄ နာရီကမနက် လင်းအားကြီး တနာရီထိ လုပ်ရတယ်။

ကော်ဖီဆိုင်ဆိုပေမယ့် ဘီယာလည်း ရောင်းတယ်။ ကျမကအရက်စားပွဲထိုးမလုပ်နိုင် ဘူးလို့ ပွဲစားကို ပြောတော့ ဒီကကော်ဖီဆိုင်တွေက ဘီယာလည်း ရောင်းတော့မလုပ်ချင်လို့မရဘူးပြောတယ်။ ကျမလည်းရောက် မှတော့ မထူးပါဘူးလေ ဆိုပြီး ကော်ဖီတင်မက ဘီယာချပေးရတဲ့ စာပွဲထိုး လုပ်လိုက်ပါတယ်။ အလုပ်ပြီးချိန်ကမနက် ၁ နာရီဆိုပေ မယ့် ဘီယာသောက်တဲ့ လူတွေ မပြန်မချင်း ဆိုင်မပိတ်ပါဘူး။ ဆိုင်ပိတ်တော့လည်း ခုံတွေသိမ်း၊ ကြမ်းတိုက် စတဲ့သန့်ရှင်းရေး အလုပ်ပြီးမှ အိမ်ပြန်ရတယ်။ ဘီယာသောက်တဲ့ တရုတ်၊ ကုလားတွေရဲ့ရိသဲ့သဲ့ပြောသံတွေကို မကြားချင် ယောင်ဆောင်ပြီး စာချုပ် ၃ နှစ်ပြည့်ရင် ပြန်ဖို့ပဲ ရက်တွေကို လက်ချိုးပြီးရေနေမိတယ်။

တနေ့တော့ ကုလား တယောက်က ဘီယာခွက်ကို လက်နဲ့တိုက်ချပြီး စားပွဲလာ သုတ်ဖို့ ခေါ်တယ်။ ကျမလည်း အဟုတ်မှတ်ပြီး စားပွဲသွား သုတ်ပေးတာပေါ့။ ကျမ စားပွဲသုတ်နေတုန်း အဲဒီကုလားက ကျမတင်ပါးကို ပုတ်ပြီး ပြုံးစိစိနဲ့ စားပွဲထိုး နေတာမကြည့်ရက်ပါဘူးလို့ ရိသဲ့သဲ့ ပြောတာခံရတယ်။ ကျမရှက် လည်းရှက် ဒေါသလည်းထွက်ပြီး ဆိုင်ရှင်တရုတ်မကို တိုင်တာပေါ့ တရုတ်မက ဖောက်သည် ပျက်မယ် စိတ်မဆိုးပါနဲ့၊ အရက်မူးလို့ပါ။ ခါတိုင်း ဒီလိုမဟုတ်ပါဘူးလို့ပဲ ပြောတယ်။

ကျမလည်း ပွဲစားကို တခြားနေရာ ပြောင်းပေးဖို့ပြောတော့ တခြားနေရာ တွေက ဒီထက်ပိုဆိုးတယ် လခမှန်မှန်ရတာ ကံကောင်း။ ၃ နှစ် စာချုပ်ပြီးအောင် သီးခံပြီးလုပ်ပါလို့ ပြောတယ်။ ကျမချက်ချင်းပြန်ဖို့ စိတ်ကူးလိုက်ပေမယ့် အကြွေးတွေနဲ့ မိသားစုမျက် နှာတွေကို မြင်ယောင်တော့ ကြိတ်မှိတ်ပြီး လုပ်နေ ရပါတယ်လို့ မျက်ရည်လည်းရွဲနဲ့ ပြောပါတယ်။ သူမမျက်နှာမှာ ရှက်စိတ်၊ မခံချင်စိတ်၊ ယူကြုံးမရစိတ် တွေဖုံးကွယ်လို့မရပေမယ့် ဒေါသကို မျိုသိပ်ပြီး ကြိတ်မှိတ်သီးခံနေရကြောင်း ထင်ရှားနေပါတယ်။

မျက်နှာမှာ သနပ်ခါးရေကျဲလေး လိမ်းထားပါတယ်။ ဆံပင်ရှည်ကို တပါတ်လျှိုထုံးပြီး ခြေသည်း၊ လက်သည်း သန့်သန့် ရှင်းရှင်းနဲ့ လုံလုံခြုံခြုံဝတ်ထားတာတွေ့ရတယ်။ မြန်မာအမျိုးသမီးတယောက်ရဲ့ ယဉ်ကျေးမှု ထိမ်းသိမ်းထားတာ တွေ့ရတယ်။ တကယ်တော့ သူမဟာ တက်ထရွန်အဖြူရင်ဖုံး လက်စကလေး နဲ့ ကျောင်းလုံချည်စိမ်းစိမ်းကလေးကို ကျစ်ကျစ်လစ်လစ်ဝတ်ပြီး ကျောင်းဆွဲခြင်းလေး နဲ့ဆိုရင် ဘယ်လောက် ကျက်သရေရှိလိုက်မလဲ၊ အခုတော့......။

တကယ်ဆိုရင် မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အတိုးတက်ဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံအဖြစ် ထင်ရှားခဲ့ဖူးပါတယ်။ ၁၉၅၉ ခုနှစ် လောက်ကဖွင့်ခဲ့တဲ့ မင်္ဂလာဒုံလေဆိပ်ဟာ အရှေ့တောင် အာရှမှာအကောင်းဆုံးလို့ နံမည်ကျော်ခဲ့တယ်။ အဆောက် အဦးတခုလုံး လေအေးစက်တွေနဲ့ ပန်းချီဆရာကြီး ဦးဘကြည်ရဲ့ ပန်းချီလက်ရာတွေဟာ အဲဒီခေတ်က ပြောမဆုံးအောင် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့ ငယ်ငယ်တုန်းက လေအေးစက်ကြောင့် အေးနေတဲ့ လေယာဉ်ကွင်း အဆောက်အဦးကြီး ထဲကိုဝင်ပြီး တအံ့တသြဖြစ်ခဲ့ရပါတယ်။ ကျွန်တော်တို့ တင်မဟုတ်ပါဘူး။

အဲဒီတုန်းက ယိုးဒယားဝန်ကြီးချုပ် ကစ်တီကာချွန် မြန်မာပြည်ကို ချစ်ကြည်ရေးနဲ့ လေ့လာရေးလာပြီး အပြန်မှာ ဘန်ကောက်လေဆိပ်ရောက်တော့ သူ့လူတွေကို “မြန်မာပြည် ကိုမှီဖို့ နောက်ထပ်နှစ်ငါးဆယ် လောက်ကြိုးစားရမယ်” လို့ ပြော ဖူးတယ်။ မလေးရှားနိုင်ငံရဲ့ ပထမဆုံးဝန်ကြီးချုပ် တွန်ကူအဗ္ဗဒူ ရာမန်လည်း မြန်မာပြည်ကို လာပြီး လေ့လာခဲ့တယ်။ အပြန်ကျ တော့ ဖဆပလ တိုက်ခန်း ပုံစံတွေယူပြီး ဆောက်တယ်။

၁၉၆၀ ခုနှစ်လောက်တုန်းက ထင်ပါတယ်။ အင်ဒိုနီးရှားက မလေးရှားပိုင် ဆာဘားနဲ့ ဆာရာဝတ်ကို ဝင်သိမ်းမယ်လုပ်တော့ မြန်မာနိုင်ငံသား ကမ္ဘာ့ကုလသမဂ္ဂအတွင်းဝန်ချုပ်ဦးသန့်က ဝင်ဖြန်ဖြေပေး လို့ ငြိမ်းချမ်းရေးရသွားတယ်။ အဲဒီတော့ မလေးရှားဝန်ကြီးချုပ်က ဦးသန့်ကို ဂုဏ်ပြုတဲ့ အနေနဲ့ ကွာလာလန်ပူက လမ်းမကြီးတခုကို ဦးသန့်လမ်းလို့ နာမည်ပေးခဲ့တယ်။ မလေးတွေကတော့ ဂျလန်း ယူသန့်လို့ ခေါ်ကြတယ်။ စင်ကာပူမှာလည်း ရန်ကုန်လမ်းမကြီး ဆိုပြီး မြန်မာပြည်ကို ဂုဏ်ပြုခဲ့ကြတယ်။

၁၉၆၀ ခုနှစ်ပါတ်ဝန်းကျင်မှာမြန်မာနိုင်ငံကဟန်သာ အေးနိုင်လွန်တို့၊ BPIက ဆေးတို့၊ ကြယ်ဆင်ဖဲထီးတို့၊ ဗန္ဓုလ စောင်တို့၊ “တိုက်” ဆပ်ပြာမှုန့်တို့၊ ပေါ်ဆန်းမွှေးဆန်တို့ဟာအရှေ့ တောင်အာရှတဝိုက်မှာ နာမည်အကြီးဆုံးဖြစ်ခဲ့တယ်။ ပညာရေးကို ကြည့်ဦးမလား၊ အရှေ့တောင်အာရှမှာ နာမည်အကြီးဆုံးဟာ ရန်ကုန်တက္ကသိုလ်ပဲ၊ ရန်ကုန်တက္ကသိုလ်ကို ဝင်ခွင့်ရဖို့က မလွယ်ဘူး။ ပီနန်အစိုးရ ဝန်ကြီးတဦးဖြစ်တဲ့ ဒါတွတ်ဒေါက်တာ တိန်းဟုတ်နန်းက “ကျွန်တော်တို့ ခေတ်က ရန်ကုန် တက္ကသိုလ် ဆေးကျောင်းဟာ အဆင်အတန်းမြင့်လွန်းလို့ ဝင်ခွင့်မရခဲ့ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အိန္ဒိယကိုသွားပြီး ဆေးကျောင်းတက်ခဲ့ရတယ်။” လို့ ပြောဖူးတယ်။

အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်က အင်္ဂလိပ်စာဌာန ပါမောက္ခဟာ မြန်မာနိုင်ငံသား (THIRTY BURMESE TALES) ကိုရေးခဲ့တဲ့ ဒေါက်တာထင်အောင်ပါဆိုရင် ယခုခေတ် လူငယ်တွေက ယုံတမ်းစကားလို့များ ထင်ကြလေမလား။

အဲဒီလို အဖက်ဖက်က ဖွံ့ဖြိုးတိုးတက်ပြီး အိမ်နီးချင်း နိုင်ငံတွေထက် နှစ်ပေါင်း ၅၀ အရှေ့ရောက်နေရာက အခုဆိုရင် တန်းတူမဟုတ်ရုံမက အဲဒီ နိုင်ငံတွေရဲ့ နောက်မှာ နှစ် ပေါင်း ၅၀ လောက်ခေတ် နောက်ကျနေတာတွေ့ရတော့ ရင်မနင့်ဘဲနေမလား။ အရင်က တရုတ်၊ လော နဲ့ သီဟို နိုင်ငံတွေကိုနှစ်စဉ် ဆန်လှူခဲ့တဲ့မြန်မာနိုင်ငံဟာ အခုဆိုရင်ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင်တဲ့......

ဟိုတုန်းက ရွှေထီးဆောင်းခဲ့တာကို ပြန်ပြီးစမြုံ့ပြန်နေတာ မဟုတ်ပါဘူး။ လက်ရှိအခြေအနေ ဘယ်လိုပဲဖြစ်ဖြစ် မြန်မာတနိုင်ငံလုံးက တိုင်းရင်းသားအားလုံး လက်တွဲညီညီနဲ့ ကြိုးစားမယ်ဆိုရင် အရင်တုန်းကလိုပဲ ရွှေထီးပြန်ဆောင်းနိုင် တယ်ဆိုတာ ပြောချင်တာပါ။ အားငယ်စိတ်တွေ စိုးရိမ်ကြောင့် ကျတဲ့ စိတ်တွေ၊ မဖြစ်နိုင်ပါဘူးဆိုတဲ့ အနုတ်လက္ခဏာ အတွေး အခေါ်တွေကို ဖျောက်ပစ်ရမယ်။

“ကြိုးစားရင် ဘုရားဖြစ်တယ်” ဆိုတဲ့ ဇွဲသတ္တိမွေးရမယ်။ အချိန် မဖြုန်းကြပါနဲ့ “အချိန်နဲ့ ဒီရေသည် လူကိုမစောင့်”၊ တချို့လူငယ်တွေ ရည်ရွယ်ချက်ပျောက်ပြီး ဘောလုံးပွဲလောင်း၊ အရက်သောက်၊ ဖဲရိုက်၊ မူးယစ်ဆေးဝါးသုံး နဲ့ ဘဝပျက်နေတာ မြင်တွေ့ရတယ်။ တိုင်းပြည်အတွက်ရော၊ မိသားစု အတွက်ရော မျက်နှာပျက်စရာ အရှက်ရစရာ မဖြစ်အောင် ဒီနေ့ကစပြီး ရည်ရွယ်ချက် မပျက်အောင် ပြုပြင်ဘို့ လိုပါတယ်။ အချိန်မနှောင်းသေးပါဘူး...။

ဆင်းရဲတဲ့နိုင်ငံနဲ့ ချမ်းသာတဲ့ နိုင်ငံတွေရဲ့ အကြောင်းကို လေ့လာကြည့်ရအောင်၊ တကယ်တော့ ဆင်းရဲတဲ့ နိုင်ငံနဲ့ ချမ်းသာတဲ့နိုင်ငံတွေရဲ့ ကွာခြားခြင်းဟာတိုင်းပြည်အသက်နဲ့ မဆိုင်ပါဘူး။ အီဂျစ်နဲ့ အိန္ဒိယ နိုင်ငံတွေဟာ တိုင်းပြည်သက် ၂၀၀၀ ကျော်နေပေမယ့် အခုထိ ဆင်းရဲနေတုန်းပဲ။ ကနေဒါ၊ သြစတေး လျနဲ့ နယူးဇီလံ နိုင်ငံတွေကတော့ တိုင်းပြည် သက် ၁၅၀လောက် သာရှိသေးပေမယ့် တိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံတွေဖြစ်နေ တာတွေ့ရတယ်။ ပြီးတော့ မြေပေါ်မြေအောက် သယံဇာတမရှိ တာနဲ့လည်း မဆိုင်ပါဘူး။ ဂျပန်နိုင်ငံကိုကြည့် ၈၀% ဟာ တောင်ယာစိုက်ပျိုးမွေးမြူလို့မရတဲ့ မြေတွေဖြစ်နေပေ မယ့် ကမ္ဘာ့ဒုတိယ အချမ်းသာဆုံး နိုင်ငံဖြစ်နေတာ တွေ့ရတယ်။ တတိုင်းပြည်လုံးဟာ ရေပေါ်စက်ရုံကြီး နဲ့တူနေတယ်။ တခြားနိုင်ငံတွေက ကုန်ကြမ်းတွေကိုတင်တယ်။ ကုန်ချောဖြစ်အောင် ထုတ်တယ် ပြီးတော့ တကမ္ဘာလုံးကို ရောင်းတယ်။

ဆွစ်ဇာလန်နိုင်ငံကို ကြည့်ဦးမလား သူ့နိုင်ငံမှာ ကိုကိုး မစိုက်နိုင်ပါဘူး။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး ချောကလက် ထွက်တယ်။ တိုင်းပြည်က သေးသေးလေး၊ အေးပြီး နှင်းတောင် တွေပဲရှိတယ်။ တနှစ်မှာ ၄ လပဲ စိုက်ပျိုးရတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံး နို့ထွက်ပစ္စည်းတွေ ထုတ်နိုင်တယ်။ ကမ္ဘာ့ အကောင်းဆုံးနာရီနဲ့ လုံခြုံမှုအရှိဆုံး ဘဏ်တွေရှိတယ်။ နောက်တချက်က ဆင်းရဲတဲ့ နိုင်ငံတွေနဲ့ ချမ်းသာတဲ့ နိုင်ငံတွေက စီမံခန့်ခွဲတဲ့ လူတွေဟာ ဉာဏ်ရည် ဉာဏ်သွေး ပညာရေးမှာ ဘာမှ မကွာပါဘူး။ ပြီးတော့ အသားအရောင်၊ ဘာသာရေးဟာလည်း အရေးမကြီးပါဘူး။

ဆင်းရဲတဲ့နိုင်ငံက လူတွေဟာ သူတို့တိုင်းပြည် မှာ လုပ်စရာမရှိ ဖြစ်နေကြပေမယ့် ချမ်းသာတဲ့ နိုင်ငံကို အလုပ်လာလုပ်ရင် အလွန်အလုပ် ကြိုးစားတဲ့ အလုပ်သမားကောင်းတွေ ဖြစ်နေတာတွေ့ရတယ်။ ဥပမာ-မြန်မာနိုင်ငံက တချို့လူငယ်တွေ အလုပ်မရှိ လက်ကြောမတင်းပဲ လ္ဘက်ရည်ဆိုင်ထိုင် အချိန်ဖြုန်း နေကြပေမယ့် မလေးရှားမှာ အလုပ်လာလုပ်တော့ မြန်မာအလုပ်သမားတွေ အလွန်အလုပ်လုပ်တဲ့ အကြောင်း နာမည်ကြီး တယ်လေ။

အဲဒီတော့ဘာကွာလဲ၊ လူတွေရဲ့ အကျင့် (ATTITUDE) ကွာတယ်။ အဲဒီအကျင့်ဆိုတာ ပညာ အရည်အချင်း၊ ယဉ်ကျေးမှုနဲ့ ပါတ်ဝန်းကျင်စရိုက်က သားစဉ်မြေးဆက် ပုံဖေါ်ပေးလိုက်တာပါပဲ။ ချမ်းသာပြီး တိုးတက်တဲ့ နိုင်ငံကလူတွေရဲ့ အမူအကျင့်နဲ့ လုပ်ဆောင်ချက်တွေကို လေ့လာဆန်းစစ် ကြည့်လိုက်တဲ့အခါ လူအများစုဟာ အောက်ပါအခြေခံ သဘောတရားတွေကို လိုက်နာကျင့်သုံး ကြတာ တွေ့ရပါတယ်။

၁။ ကိုယ်ကျင့်တရားနဲ့ အကျင့်စာရိတ္တကို ထိန်းသိမ်းကြတယ်။

လူဆိုး၊ သူခိုးတွေများနေရင် အဲဒီတိုင်းပြည် ဘယ်တိုး တက်မလဲ။

၂။ ရိုးသားဖြောင့်မတ်တယ်။

လူလိမ်၊ လူကောက်တွေများရင် အဲဒီတိုင်းပြည်မှာ ဘယ်သူမှ လာပြီး စီးပွားရေးလုပ်မှာ မဟုတ်ဘူး။

၃။ တာဝန်သိကြတယ်။

လမ်းပေါ်မှာ အမှိုက်ကျနေရင် ကောက်ပစ်တယ်။ အမှိုက်ကို အမှိုက်ပုံးထဲပစ်တယ်။ တယောက်ယောက်က လမ်းပေါ်ကို အမှိုက်ပစ်မိရင် မြင်တဲ့သူက မပစ်နဲ့လို့ပြောတယ်။ ဘတ်စ်ကားစီးရင် ရထားပေါ်တက်ရင် တိုးခွေ့မတက်ဘူး။ တန်းစီတယ်။ အရင်ရောက်တဲ့ လူကိုဦးစားပေးတယ်။ အသက်ကြီးတဲ့ လူ၊ ကိုယ်ဝန်ဆောင်၊ မသန်မစွမ်း လူတွေကို ဦးစားပေးတယ်။

၎။ ဥပဒေနဲ့ စည်းကမ်းကို ရိုသေလေးစားပြီး လိုက် နာကျင့်သုံးတယ်။

ချမ်းသာတဲ့ နိုင်ငံတွေမှာ ကားတွေများပေမယ့် ယာဉ် တိုက်မှုသိပ်မရှိဘူး။ လာဘ်ပေးလာဘ်ယူတာတို့ ကိုယ်နဲ့ရင်းနှီး ခင်မင်တဲ့ သူကို ဦးစားပေးတာတို့ လူခင်ရင်မူပြင်ပြီး လူမုန်းရင်မူသုံးတာတို့ မရှိ သလောက်ပါပဲ။

၅။ ပြည်သူအချင်းချင်းရဲ့ လွတ်လပ်ခွင့်ကို လေးစားကြတယ်။

အချိန်မတော် ဆူတာတို့ အိပ်ချိန်မှာ အသံချဲ့စက်ဖွင့် တာတို့ လမ်းပိတ်ပြီး မဏ္ဍာပ်ဆောက်တာတို့ သူများအနှောင့် အယှက်ဖြစ်မှာကို ရှောင်ကြတယ်။

၆။ မိမိအလုပ်ကို ဂုဏ်ယူတယ်။ တန်ဘိုးထားတယ်။

အိမ်ဖေါ်လုပ်တဲ့ လူကလည်း ကျမအလုပ်က အိမ်ဖေါ်ပါလို့ ဂုဏ်ယူစွာနဲ့ ပြောကြတယ်။ တခါက မင်္ဂလာဆောင် တခုမှာ ဆရာဝန်ရယ်၊ ရှေ့နေရယ်၊ ဘဏ်အရာရှိရယ် ကျောင်းဆရာရယ်၊ အိမ်ဖေါ်အမျိုးသမီးကြီးရယ် ထမင်းတဝိုင်းတည်း ထိုင် စားနေတာတွေ့ရတယ်။ ဘယ်သူမှ အထင်သေးတဲ့ အကြည့်နဲ့ မကြည့်တဲ့အပြင် အဲဒီအမျိုးသမီးရဲ့ ပုဂံထဲဟင်းတွေ ထည့်ပေးကြ၊ ရီစရာတွေပြောကြနဲ့ ခင်ဗျားလို အိမ်ဖေါ်မရှိရင်ကျွန်တော်တို့တော့ ဒုက္ခပဲဆိုပြီး တန်ဘိုးထားပြောတာ ကြားဖူးတယ်။ တချို့နိုင်ငံ တွေမှာလို အိမ်ဖော်နဲ့ ထမင်းတဝိုင်းတည်း မစားချင်ဘူးဆိုတဲ့ စိတ်ဓာတ်မျိုးမရှိကြဘူး။

၇။ ငွေကြေး စုဆောင်းတယ်။ ပြန်လည်ရင်းနှီးမြှုပ် နှံတယ်။

ဆိုလိုတာက ကိုယ်နဲ့ တန်ရာပဲ ဝတ်ကြတယ်။ စား ကြတယ်။ သုံးကြတယ်။ အပိုမသုံးဘူး။ တတ်နိုင်သမျှ စုကြ တယ်။ စုလို့ရတဲ့ငွေကို ငွေစုလက်မှတ်တို့ ရှယ်ယာတို့ ဝယ်ပြီး အတိုးရအောင်လုပ်တယ်။ ဈေးဝယ်ရင်တောင် ဈေးချတဲ့အခါမှ ဝယ်တယ်။ အကျိုးမရှိရင် ငွေမဖြုန်းကြဘူး။

၈။ အမြဲတမ်း ကုန်ထုတ်စွမ်းအားတိုးတက်ဖို့ စိတ်ရှိကြတယ်။

ဥပမာ နွားတကောင်ရှိတဲ့ လူက နွား ၁၀ ကောင်ဖြစ် အောင်၊ ၁၀ ကောင်ရှိတဲ့လူက အကောင် ၁၀၀ ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ အမြဲတွေးတော ကြံဆနေတယ်။ ဖြစ်အောင်လည်း ကြိုးစားကြတယ်။ တခါက အုဌ်စက်သူဌေး သားအဖဟာ မနက် ၇ နာရီဆိုရင် အလုပ်စလုပ်နေပြီး အလုပ် သမားတွေက ၈ နာရီမှ စလုပ်တယ်။ အလုပ်သိမ်းတဲ့ ညနေ ၅ နာရီမှာ အလုပ်သမားတွေက မလုပ်တော့ပေမယ့် သားအဖ ၂ ယောက်က ၆ နာရီထိ ဆက်လုပ်တယ်။ ကိုယ်တိုင်အုဌ်ရိုက် အုဌ်သယ်လုပ်တယ်။ အလုပ်သမား တယောက်ဟာ တနေ့ကို အုဌ်ဘယ်နှစ်ချပ်ကို ရိုက်နိုင်တယ်။ အုဌ်ဘယ်နှစ်ချပ် သယ်နိုင် တယ်ဆိုတာသိနေတော့ သူတို့ကို ဘယ်လိမ်လို့ ရပါ့မလဲ၊ သား ကိုအသေးစိတ် သင်ပေးနေတယ်။ အပင်ပန်းခံကြိုးစားတယ်။ ဟော အခုဆိုရင် အုဌ်စက် ၂ စက်ဖြစ်သွားပြီ။

၉။ နောက်ဆုံးတချက်ကတော့ အချိန်မှန်တာပဲ။

ချမ်းသာတဲ့ နိုင်ငံက လူတွေဟာ အချိန်ကို တန်ဖိုး ထားတယ်။ အချိန်ရဲ့ တန်ဖိုးကိုနားလည်တယ်။ သူတို့နိုင်ငံတွေမှာ အချိန်မမှန်တဲ့လူ အလုပ်မရပါဘူး။ အလုပ်မပြောနဲ့ ရည်းစားနဲ့ ချိန်းထားလို့ အချိန်နောက်ကျနေရင်တောင် ပြဿနာတက်သေး တယ် မဟုတ်လား။

ဆင်းရဲပြီး မတိုးတက်တဲ့နိုင်ငံက လူအများစုဟာ အထက်ပါအချက် ၉ ချက်ကို မလိုက်နာကြပါဘူး။ အချောင်ခိုချင်တဲ့ စိတ်၊ လွယ်လွယ်နဲ့ ငွေရချင်တဲ့ စိတ်၊ ဘုရားမ,ပါ၊ ဘိုးဘိုးကြီး မ,ပါ၊ နတ်မျိုးစုံ မ,ပါ ဆိုပြီး ကိုယ့်ကိုယ်ကို အားမကိုး မကြိုးစားပဲ ကံကိုပဲ ပုံချတတ်တဲ့ စိတ်ဓာတ်တွေ ရှိကြတယ်။ သူများတွေ ချမ်းသာတိုးတက်အောင်လုပ်နိုင်ရင် ငါလည်း သူတို့လို ချမ်းသာ တိုးတက်အောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး ရှိအောင် အတုယူကြဖို့ လိုတယ်။ ဘယ်အရာမဆို လွယ်လွယ်နဲ့တော့မရပါဘူး။

ကျွန်တော်တို့ နိုင်ငံဟာ သဘာဝ သယံဇာတတွေရှိ တယ်။ မြေလည်း ထိုက်သင့်သလောက် ကျယ်တယ်။ ရာသီဥ တုလည်း မျှတတယ်။ ရေမြေတောတောင်လည်း မျှတတယ်။ လူဦးရေလည်း အချိုးကျတယ်။ ကုန်းရော၊ ရေရော ဆက်သွယ် ရေးကောင်းတယ်။ မြေသြဇာလည်းကောင်းတယ်။ ဆန်စပါး ထွက်ကုန်သီးနှံလည်းရှိတယ်။ ဥာဏ်ရည်လည်း ထက်တယ်။


ဒီလောက်အဖက်ဖက်က ပြည့်စုံရဲ့သားနဲ့ ဆင်းရဲတဲ့ နိုင်ငံဖြစ်နေရသလဲဆိုရင် အကျင့် (ATTITUDE) မကောင်းလို့ ပဲ ပြောစရာရှိတယ်။

နိဂုံးချုပ်အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန်းခွန်းထဲက စကားလေးနဲ့ အဆုံးသတ်ပါရစေ။



“ခင်ဗျားတို့ စောက်ကျင့်တွေကို ပြင်ဖို့အချိန်တန်ပြီ” လို့.....။
ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းနားဆင်ရန်

ဝင်းမောင်
(ဧပြီလထုတ် အပြင်စီးမဂ္ဂဇင်းမှ)
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။