« »

ရဲမှပစ်ခတ် ဖမ်းဆီးခဲ့ရာ ဓါးပြဟု မသင်္ကာသူသေဆုံး

ကွာလာလမ်ပူ ။ ။ သြဂုတ်လ ၂၁ ရက်နေ့၌ ကမ်ပွန်းဘာရူး ဆွန်ငိုင်းဘူလို့ရှိ အင်တာနက်ကဖေး တစ်ခုတွင် ဓါးပြတိုက်မှု ဖြစ်ပွားခဲ့ရာ မသင်္ကာသူတစ်ဦးအား ရဲများမှ ပစ်ခတ်ဖမ်းဆီး ခဲ့ပြီးနောက် တစ်နာရီအကြာတွင် ထွက်ပြေးသွားသော ကြံရာပါ တစ်ဦးကိုပါ ဖမ်းဆီးနိုင်ခဲ့သည်။

အဆိုပါ ကြံရာပါတစ်ဦးမှာ ဒမန်ဆာရာဒါမိုင်းသို့ ထွက်ပြေးသွားခဲ့ပြီးနောက်မှ ရဲများမှ နောက်ယောင်ခံ လိုက်၍ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ဆီလန်ဂေါ ရဲအရာရှိမှ ပြောကြားခဲ့သည်။

ဓါးပြတိုက်သူများမှာ မှုခင်းဖြစ်ပွားရာ ဒေသအတွင်း နေထိုင်သူများပင် ဖြစ်ကြပြီး မနက် ၆ နာရီ ၄၅ မိနစ်တွင် သေနတ်ကိုင်၍ အင်တာနက်ဆိုင်အတွင်းသို့ ဝင်ရောက်လာခဲ့ကြခြင်းဖြစ်သည်။

တိုက်ဆိုင်စွာပင် ရဲသားနှစ်ဦးမှာလည်း အဆိုပါ အင်တာနက်ဆိုင်အတွင်း ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်နေခဲ့ကြကြောင်း အခင်းဖြစ်ပွားပုံ မြင်တွေ့ခဲ့ရသူ သတင်းထောက်တစ်ဦးမှ ပြောသည်။

ထို့နောက် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြပြီး မသင်္ကာဖြစ်ဖွယ် အသက်၂၀ အရွယ် တစ်ဦးမှာ ထိမှန်ပြီး သေဆုံးသွားခဲ့သည်။

၎င်းနှင့်အတူ အသက် ၃၀ အရွယ် ကြံရာပါ တစ်ဦးမှာလည်း ဒဏ်ရာရရှိခဲ့သော်လည်း ကြိုတင် စီစဉ်ထားခဲ့သည့် ယာဉ်မောင်းတစ်ဦးပါရှိသော အနက်ရောင် စီထရာကားနှင့်အတူ ထွက်ပြေး တိမ်းရှောင် သွားခဲ့သည်။

ရဲများမှ ဒမန်ဆာရာဒါမိုင်းအထိ ထိုကားနောက် ထပ်ကြပ်မကွာ လိုက်ခဲ့ကြပြီးနောက် ၎င်းကြံရာပါ အား ဖမ်းဆီးနိုင်ခဲ့သော်လည်း စီစဉ်ထားသော ယာဉ်းမောင်း သူမှာ ထွက်ပြေးလွတ်မြောက် သွားခဲ့ကြောင်း သတင်းထောက်မှ ပြောသည်။

ဒမန်ဆာရာဒါမိုင်းတွင် ဖမ်းမိခဲ့သော ဒုတိယ မသင်္ကာသူအား မည်သို့မည်ပုံ နောက်ယောင်ခံလိုက်၍ ဖမ်းဆီးနိုင်ခဲ့ခြင်းကိုမူ ပြောပြရန် ငြင်းဆိုသွားခဲ့သည်။

ဒဏ်ရာရရှိခဲ့သော မသင်္ကာသူမှာ ဆွတ်ငိုင်းဘူလို့ ဆေးရုံတွင် ကုသမှုခံယူလျှက်ရှိပြီး အင်တာနက် ဆိုင်အတွင်း ၎င်းတို့နှစ်ဦးနှင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော ရဲသားနှစ်ဦးမှာမူ ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း အဆိုပါသတင်းထောက် ထွန်းဟီစံမှ ပြောကြားခဲ့သည်။

Source : Bernama
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။