« »

သတို့သမီး ရောင်းရန်ရှိသည်


တရုတ်နိုင်ငံတွင် ဗီယက်နမ်အမျိုးသမီး အယောက် ၁၀၀ အား သတို့သမီးအဖြစ် တရုတ် အမျိုးသားများထံသို့ ရောင်းချနေခဲ့ပြီး အဓမ္မခေါ်ယူခြင်းဟု ရဲများမှ သင်္ကာမကင်းဖြစ်ကာ စုံစမ်း စစ်ဆေးမှုများ စတင်ပြုလုပ်နေကြောင်း တရုတ်ပြည်တွင်း သတင်းမီဒီယာမှ တဆင့်သိရှိရသည်။

ဟူနန်ပြည်နယ်တွင်းရှိ ချောင်ကျသော ရွာများတွင် အမျိုးသမီးများ ပျောက်ဆုံးနေလျှက်ရှိကြောင်း စင်ဟွားသတင်းဌါနမှ သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါအမျိုးသမီးများ ပျောက်ဆုံးသွားပြီးနောက် ၎င်းတို့၏ခင်ပွန်းသည်များထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ငွေဖြင့်လာရောက်ရွေးယူရန်နှင့် မရွေးယူပါက ၎င်းတို့၏ ဇနီးသည်များကို ရောင်းချပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရှိရသည်။

AFP သတင်းဌါနမှ တနင်္ဂနွေနေ့က ၎င်းဖြစ်ရပ်များနှင့် ပါတ်သက်ပြီး သက်ဆိုင်ရာ ရဲဌါနသို့ စုံစမ်းမေးမြန်းခဲ့ရာ ရဲများမှ ထင်မြင်သုံးသပ်ချက် တစုံတရာမျှ မပေးနိုင်ခဲ့ပါ။

၂၀၀၈ ခုနှစ်က ဗီယက်နမ် သတို့သမီး တစ်ဦးအား ၃၆,၃၈၈ ယွမ် (ရင်းဂစ် ၁၆,၆၇၈) ပေး၍ ဝယ်ယူခဲ့သူ ဟူဂျီယန်ဟီး မှလည်း သူ၏ဇနီးသည် ပျောက်ဆုံးသွားခဲ့သည်မှာ ၂ လကြာမြင့်ခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သည်။

"သူမဟာ ပြန်ပေးဆွဲခံရပြီး ယွမ် ၂၀,၀၀၀ (ရင်းဂစ် ၉,၃၃၂) ပေးပြီးသူမကို ပြန်လာရွေးယူပါ ဒါမှမဟုတ်ရင် အခြားရွာကို ပြန်ရောင်းစား ခံရတော့မယ်လို့ ငိုယိုပြီး ကျွန်တော့်ကိုပြောခဲ့တယ်"
ဟု ဟူဂျီယန်ဟီး ပြောပြချက်အရ သိရှိရသည်။

အမျိုးသမီး ၁၀၀ ကျော်ပျောက်ဆုံးနေခဲ့ပြီးနောက် အချို့သော ၎င်းတို့၏ ဇနီးသည်အဖြစ် ဝယ်ယူ ထားခဲ့သော အမျိုးသားများမှာ လူကုန်ကူမှုအဖြစ် အစွပ်စွဲခံရမည်ကို စိုးရိမ်ထိတ်လန့် နေခြင်းကြောင့် ဇနီးသည်များ ပျောက်ဆုံးမှုအပေါ် တိုင်ကြားရန် ဝန်လေးနေခဲ့ကြခြင်းဖြစ်ကြောင်း စင်ဟွားသတင်းဌါနမှ ပြောကြားခဲ့သည်။

တရုတ်ပြည်တွင်း အမျိုးသား အမျိုးသမီး ဦးရေ ကွာဟချက်က ကမ္ဘာပေါ်တွင် သတို့သမီးကုန်ကူးခြင်းနှင့် ပြည့်တန်ဆာလုပ်ငန်း အများဆုံးနိုင်ငံအဖြစ် ထင်ရှားစေခဲ့သည်။

ထုံးတမ်းအစဉ်အလာအရ သားယောက်ျားလေးများသာ မျိုးရိုးဂုဏ်ကို ဆက်ခံနိုင်ခဲ့ခြင်းဖြစ်ပြီး လိင်အမျိုး အစား အဆင့်အတန်း ခွဲခြားနေခဲ့ကြသော တရုတ်နိုင်ငံတွင် လူဦးရေထူထပ်မှုကို ထိန်းချုပ်ရန် "မိသားစုတစ်ခု ကလေးတစ်ယောက်" ဟု သတ်မှတ် အကောင်အထည် ဖော်ခဲ့ကြသည့် အချိန်မှစ၍ သားယောက်ျားလေး များကိုသာ မွေးဖွားမှုနှုန်းများပြားလာခဲ့သည်။

လွန်ခဲ့သော ဆယ်နှစ်ကျော်မှ ယခုအချိန်အထိ သန်းခေါင်စာရင်းစစ်တမ်း ပျမ်းမျှနှုန်းများအရ ကလေး အယောက် ၂၀ မွေးဖွားလျှင် ယောက်ျားလေးမှာ ၁၉ ဦးဖြစ်နေပြီး မိန်းကလေး ၁ ဦးသာ ဖြစ်နေကြောင်း သိရှိရသည်။

ယမန်နှစ် လေ့လာခန့်မှန်းချက်အရ ၂၀၂၀ ခုနှစ်တွင် တရုတ်အမျိုးသာ ၂၄ သန်းကျော်သည် ၎င်းတို့အတွက် ဇနီးမယားမရှိဘဲ အိမ်ထောင်မှုပြုနိုင်သည့် အသက်အရွယ်ကို ကျော်လွန်ရတော့မည်ဖြစ်ပြီး ကြီးမားသည့် လူမှုရေးရာ ပြဿနာ အရှုပ်အထွေးကို ကြုံတွေ့ရတော့မည်ဖြစ်ကြောင်း သိရှိရသည်။

Source: Agencies
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။