« »

မြစ်တစ်စင်း၏ပုံရိပ် အနုပညာပြပွဲကျင်းပ၊ အနုပညာရှင် ၅၄ ဦး၏ အနုပညာလက်ရာများ ပြသထား

ဧရာဝတီမြစ်နှင့် ပတ်သက်သောပြပွဲများအနက် အနုပညာရှင်အများဆုံး၊ အနုပညာလက်ရာ အများဆုံး စံချိန်တင်သည့် မြစ်တစ်စင်း၏ပုံရိပ် ဧရာဝတီ (The Ketech of a River The Ayeyarwady) အနုပညာပြပွဲကို ဒဂုံမြို့နယ်၊ ယောမင်းကြီးလမ်း၊ အမှတ် ၆၅ Gallery 65 ပြခန်းတွင် စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်အထိခင်းကျင်းပြသရာ ဝင်းဖေမြင့်၊ ဖေညွန့်ဝေ၊ ဘဌေးကြည်၊ ဇော်မောင်၊ ငြိမ်းချမ်းရေး၊ အေးကို စသောပန်းချီဆရာ ၁၇ဦး၏ပန်းချီကား ၂၅ ကား၊ ထင်လင်း၊ မိုးမင်း၊ ဖေမြင့်ဦး၊ စိန်မျိုးမြင့်၊ ငြိမ်းချမ်းစိမ်းလန်း၊ ကိုဦး၊ ထွန်းဝင်းငြိမ်း၊ ဦးစိုးညွန့်၊ ဦးဇေမောင်သိန်း၊ ရေးမောင်မောင်၊ ဒေါက်တာမောင်မောင်ကြီး စသောဓာတ်ပုံဆရာ ၂၃ဦး၏ဓာတ်ပုံ ၈၉ ပုံ၊ ကာတွန်းဆရာအော်ပီကျယ်၊ စိုးသော်တာ၊ အောင်မော်တို့၏ ကာတွန်း ၁၁ ပုံ၊ မင်းထက်မောင်၊ မနော်ဟရီ၊ မောင်လင်းရိပ်၊ စောဝေ၊ မှိုင်း (ဆေး-၂) စသော ကဗျာဆရာ ခုနစ်ဦး၏ ကဗျာခုနစ်ပုဒ်နှင့် ဂရတ်ဖတ်အတ်လက်ရာ ၁၀ ကား ချိတ်ဆွဲပြသထားကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် မှတ်ပုံတင်ခြင်း မပြုလုပ်ရသေးသောအမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး စာပေပညာရှင်များ၊ ပန်းချီဆရာများ၊ သဘာဝပတ်ဝန်းကျင် ဝါသနာရှင်များနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စည်ကားစွာ တက်ရောက်ခဲ့ကြသည်။ မြစ်တစ်စင်း၏ ပုံရိပ်အနုပညာပြပွဲတွင် အနုပညာရှင် ၅၄ ဦး၏ အနုပညာလက်ရာ ၁၄၂ ကားကို ခင်းကျင်းပြသခြင်းမှာ အလွန်ထူးခြားကြောင်း၊ ဧရာဝတီမြစ်နှင့် ပတ်သက်၍ အနုပညာ လက်ရာစုံ ပြသခြင်းဖြစ်ကြောင်း ပြပွဲကြည့်သူများက ပြောကြားသည်။

မြစ်တစ်စင်း၏ ပုံရိပ်အနုပညာပြပွဲတွင် ဆေးရောင်စုံ ဓာတ်ပုံများ ပါဝင်သော ပြပွဲအမှတ်တရ စာအုပ်ကို ပြပွဲလာသူများအား အခမဲ့ပေးဝေပြီး ဧရာဝတီ၏ သဘာဝအလှအပ၊ ဧရာဝတီကို မှီခိုနေသော တိုင်းရင်းသား မျိုးနွယ်များ၏ မှတ်တမ်းဓာတ်ပုံများ ပါဝင်သော "မြစ်တစ်စင်း၏ ပုံရိပ်"စာအုပ်ကို ပြပွဲရက်အတွင်း ကျပ် ၁၅,၀၀၀ ဖြင့်ရောင်းချကြောင်း သိရသည်။

Photo : Getty Images, Source : The Myanmar Post
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။