« »

မသမာမှုများကြောင့် မလေးရှားသံရုံးမှ မဲစနစ်ဖြင့်သာ ဗီဇာထုတ်ပေးတော့မည်

မလေးရှား အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီအချို့ဗီဇာ လျှောက်ထား ရာတွင် မသမာမှုများရှိနေသောကြောင့် မလေးရှား သံရုံးမှသာ မဲနှိုက်သည့် စနစ်ဖြင့် တိုက်ရိုက် ကိုင်တွယ် ထုတ်ပေးသွား တော့မည် ဖြစ်ကြောင်း မိုးယံပြည်ပ အလုပ်အကိုင် ရှာဖွေရေး ကုမ္ပဏီမှဒါရိုက်တာ ဦးကျော်ထင်ကျော်က ပြောသည်။

၂၀၁၁ခုနှစ် မတ်လမှစ၍ မလေးသံရုံး အနေဖြင့် တစ်နေ့လျှင် အလုပ်သမား ဗီဇာအား လူ ၂ဝဝ အထိသာ ကန့်သတ် ထုတ်ပေးခဲ့ပြီး ကုမ္ပဏီတစ်ခုလျှင် လူ ၁၅ ဦးနှုန်း သတ်မှတ်ခဲ့သည့် အတွက် အေဂျင်စီများမှာ ဗီဇာရရှိရန် ညအိပ်စောင့်ဆိုင်း ယူရသည်အထိ ဖြစ်ခဲ့သည်။ ယင်းသို့ အဆင်မပြေမှုများကြောင့် ဇွန်လအတွင်း ကုမ္ပဏီများ တွေ့ဆုံညှိနှိုင်းကာ သံရုံးပြင်ပ၌ မဲနှိုက်ပြီး မဲပေါက်သည့် ကုမ္ပဏီများမှာ ရက်အလိုက် အလှည့်ကျ ဗီဇာရယူရန် စီစဉ် ဆောင်ရွက်ခဲ့ရာမှ အဆိုပါ ပြဿနာများ ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်ကြောင်း ၄င်းကဆိုသည်။

အားလုံး အဆင်ပြေအောင်လို့ ကုမ္ပဏီကြီးတွေက တမင်ခေါင်းခံပြီး ဒီစနစ်ကို လုပ်ခဲ့တာ။ မမှန်မကန် လုပ်စားနေသူတွေကို သိပေမယ့်ငဲ့ညှာပြီး နေခဲ့ကြတာပါ။ အခုကတော့ ပေါက်မဲတုံကင် ရောင်းစားတာ၊ လိုင်စင်မရှိဘဲ သူများကုမ္ပဏီအတွက် ပွဲစားပုံစံနဲ့ အုပ်စုလိုက် လုပ်စားနေတာတွေကို သံရုံးမှာတိုင်ကြားမှုတွေ ရှိလာတဲ့ အတွက် အေဂျင်စီ အားလုံးကိုခေါ်ပြီး သူတို့ တရားဝင် အသိပေးတယ်။ သူတို့ကိုယ်တိုင် မဲစနစ်နဲ့ စိစစ်ဆောင်ရွက် သွားတော့မှာပါ
ဟု ၄င်းကရှင်းပြသည်။

ယင်းကိစ္စအား ၂ဝ၁၁ ခုနှစ်၊ သြဂုတ်လ ၂၆ ရက်တွင် မလေး ရှားသံရုံးနှင့် တရားဝင်မှတ်ပုံတင် ချိတ်ဆက်ထားသော လိုင်စင်ရအေ ဂျင်စီ ၉၃ ခုအား ဖိတ်ကြားကာ အသိပေး ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ အစီအစဉ်အရ ၂ဝ၁၁ ခု၊ စက်တင်ဘာ ၁၆ ရက်နေ့မှစ၍ အပတ်စဉ် သောကြာနေ့တိုင်း မလေးသံရုံး၌ ကုမ္ပဏီ ၈ဝ တက်ရောက် မဲနှိုက်ခွင့် ရမည်ဖြစ်ပြီး တစ် ရက်လျှင် ကုမ္ပဏီ ၂ဝ နှင့် ကုမ္ပဏီတစ်ခုလျှင် လူ ၂၅ ဦးနှုန်းဖြင့် ဗီဇာတိုးမြှင့် ထုတ်ပေးသွားမည်ဖြစ် ကြောင်း ၄င်းထံမှ သိရသည်။ သို့ရာတွင် ကုမ္ပဏီများ အနေဖြင့် ၄င်း တို့လျှောက်ထားမည့် လုပ်သားများ နှင့် ပတ်သက်သည့် အလုပ်ခေါ်စာ (Calling) ၊ မလေးရှား ပြည်ထဲရေးဝန် ကြီးဌာနမှ နိုင်ငံခြားသား လုပ်သား ခေါ်ယူခွင့်ပြုစာ (KDM) စသည့်လိုအပ်သော အထောက်အထား အစစ်အမှန်များ ပြည့်စုံစွာ တင်ပြနိုင်မှသာ မဲနှိုက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

တကယ် ကောင်းပါတယ်။ ဘယ်သူမှ မမှန်မကန်လုပ်လို့ မရတော့ဘူး။ ကျွန်တော် တို့အတွက် လည်း ပိုပြီး အသက်ရှူ ချောင်သွားမယ်။ အခုက တစ်ရက်ကိုမှ လူ ၂ဝဝ ပဲ ပေးတာ။ အဲဒီအချိန်ဆို တစ်ရက်ကို လူ ၅ဝဝ အထိ ရလာ တော့မယ်။ နောက်ပိုင်းမှာ သံရုံးကလည်း လိုအပ်တဲ့ ဝန်ထမ်းအင်အား ထပ်ဖြည့်ပြီး တစ်နေ့ကို အလုပ်သမား ဗီဇာ ၈ဝဝ လောက်အထိ ပေးဖို့ မှန်းထားတယ်လို့ ပြောပါတယ်။ ဒီအတိုင်းဆို အခြေအနေတွေ ပြန်ကောင်းလာနိုင်ပါတယ်
ဟု ၄င်းကသုံးသပ်သည်။

ထို့အပြင် ယင်းစနစ်အကောင် အထည်ပေါ်လာပါက လက်ရှိတွင် နေ့စဉ်အလှည့်ကျ တန်းစီစောင့် ဆိုင်းရသော အေဂျင်စီဝန်ထမ်းများ အတွက်လည်း အဆင်ပြေ သွားမည် ဖြစ်ကြောင်း ၄င်းက ”သူတို့လည်း တော်တော်ပင်ပန်း ကြပါတယ်။ ငါးလနီးပါးကို နေ့တိုင်းသွားရတယ်။ တစ်ခါတလေ ညလုံးပေါက် မအိပ်ရဘူး။ လူအလဲအလှယ် နဲ့ တောက်လျှောက် ဒုက္ခခံခဲ့ကြရတာလေ။ ခု စီစဉ်တဲ့ အတိုင်းသာဆို သူတို့အတွက်လည်း အိုကေသွားပြီ”ဟု ထပ်လောင်းဆိုသည်။

လက်ရှိအချိန်တွင် မလေးရှားမှ လုပ်သားခေါ်ယူမှုများ ရှိနေသော်လည်း နိုင်ငံခြားငွေ လဲလှယ်နှုန်းထားများ ကျဆင်းမှုနှင့် ငွေကြေးကျပ်တည်းမှုများကြောင့် သွားရောက် လိုသူ နည်းပါးလျက်ရှိကြောင်း သိရသည်။

ပြဿနာက တစ်ခုမဟုတ် တစ်ခု ကြုံနေရတာပဲ။ ဒီမှာ သွားချင်သူတွေ ပြုံကျပြီဆို မလေးဘက် အလုပ်ခေါ်စာ ရတာနဲ့၊ ခေါ်ယူခွင့်ပြုစာ မကျတာနဲ့၊ ဗီဇာမရသေးတာနဲ့။ အခုလိုချင် ပြန်တော့လည်း ဒီမှာ သွားချင်တဲ့သူ ရှားနေပြန်ရော။ အဓိကကတော့ ကျပ်ငွေက တန်ဖိုး မြင့်လာတယ် သာပြောတာ လက်ထဲမှာ ငွေမရှိကြဘူး။ မလေး ထွက်တဲ့ အများစုက ချေးငှားပြီး လုပ်ကြတဲ့ သူတွေလေ။ အရင်လို မြန်မြန်ဆန်ဆန် မထွက်ရတဲ့ အခါကျတော့ သူတို့ အကြာကြီး မစောင့်နိုင် ကြတော့ဘူး။ ဒီမှာပဲ ရရာဝင်လုပ် ကုန်ကြတယ်
ဟု ယင်းပုဂ္ဂိုလ်က ပြောသည်။

၎င်းအပြင် မလေးရှားနိုင်ငံတွင် ဇူလိုင်လမှ စကာ တရားမဝင် နိုင်ငံခြားသား လုပ်သားများအား လွတ်ငြိမ်း ချမ်းသာခွင့် ပြု၍ ပြည်တော်ပြန်ခွင့် ပေးခြင်းနှင့် တရားဝင် လုပ်သားအဖြစ် ဆောင်ရွက် ပေးခြင်းတို့ကို အကောင်အထည် ဖော်လျက်ရှိရာ အဆိုပါ အခြေအနေ၏ ရိုက်ခတ်မှု ကြောင့်လည်း အခက်အခဲများ ရှိနေဆဲ ဖြစ်ကြောင်း ယင်းအသိုင်းအဝိုင်းမှ သုံးသပ်ခဲ့သည်။

Source : Popular News
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။