« »

မြန်မာ ကျောင်းသားများကြား မလေးရှား ပညာရေး တစ်ခေတ် ဆန်းနိုင်

မလေးရှား ပညာရေး ဈေးကွက်သည် မြန်မာ ကျောင်းသားများ အကြား တစ်ခေတ်ဆန်းနိုင်သည့် အနေအထား မျိုးတွင် ရှိလာ နိုင်တော့မည်ဟု မြန်မာ့ ပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

၂ဝ၁၃ ခုနှစ်တွင် တည်ဆောက် ပြီးစီးတော့မည့် မလေးရှားပညာရေး မြို့တော်ကို ရည်ညွှန်းကာပြောဆို ကြခြင်းဖြစ်ကြောင်း Synergy Education မှ ပညာရေး အတိုင်ပင်ခံ ဒေါ်နန်းမြမာလာမောင်က ပြောသည်။

“မလေးရှားက ဂျိုဟိုးနားမှာပဲ။ အခုလတ်တလောလေးမှာတင် တချို့ကပြီးစီးနေတော့ ဖွင့်နေတာမျိုးတွေတောင် ရှိနေပြီ။ အများစုက အနောက်နိုင်ငံကလာပြီး ရင်းနှီးမြှုပ် နှံကြတာပါ”
ဟု ၄င်းကထပ်မံဆိုသည်။

အနောက်နိုင်ငံများ၏ တက္ကသိုလ်ဝင်ခွင့်ပုံစံကို ယူထားသည့် မလေးရှားနိုင်ငံသည် တက္ကသိုလ်ဝင်တန်း အောင်မြန်မာကျောင်းသားများအဖို့ တိုက်ရိုက်လမ်းကြောင်းဖြင့် တက္ကသိုလ်ပထမနှစ်သို့ တက်ရောက်ရန် အခွင့်မရှိဘဲ ကြားခံဖောင်ဒေးရှင်း တစ်နှစ်တက်ကြရကြောင်း မလေးရှားပညာရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ရွှေဂုံတိုင်ရှိအတိုင်ပင်ခံတစ်ဦးက
“မလေးရှားက ၁၂ တန်းပညာရေးကို ယူထားတော့ဒီမှာတက္ကသိုလ် ပထမနှစ်ဆိုရင် ပထမနှစ်ကို တိုက်ရိုက်တက်ခွင့်ရှိတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှုမျိုးတွေ ဆိုရင်တော့ ဘွဲ့ရတာနဲ့ တန်းတက်ခွင့်တော့ပြုထားပါတယ်”
ဟု လက်ရှိမလေးရှား၏ ပညာလမ်းကြောင်းကိုရှင်းပြသည်။

“စင်ကာပူထက် အစစ အရာရာမှာ သက်သာတယ်။ ဒါပေမဲ့ အရည်အသွေးပိုင်းရော၊ နောက်ပိုင်းအခြားနိုင်ငံတွေက အသိအမှတ်ပြုပိုင်းရော ဘယ်လိုအခြေအနေရှိလဲ။ ဒါမှ ကျောင်းသားရဲ့ အနာဂတ်လမ်းက သေချာမှာ။ ဒီလိုမှမဟုတ်ဘဲ ဈေးသက်သက်သာသာ နဲ့ပဲ သွားသင်မယ်ဆိုရင် ဘာမှမထူးဘဲ ပေါချောင်ကောင်းပဲ ဖြစ်မှာပေါ့။ ဒါမှမဟုတ် အကုန်လုံးအဆင်ပြေတယ်ဆိုရင် ပိုအဆင်ပြေနိုင်တယ်”
ဟု လုပ်သက်ရင့် ပညာရေး အတိုင်ပင်ခံ တစ်ဦးက ဆိုသည်။

မြန်မာကျောင်းသားများအနေဖြင့် ၅ နှစ်တာကာလအတွင်း ပြည်ပသို့သွားရောက်ကာ ပညာသင်ကြားမှု အပေါ် ပုဂ္ဂလိကအဖွဲ့ တစ်ခုမှ ဆန်းစစ်လေ့လာမှုအရ နိုင်ငံတကာ သို့ သွားရောက် ပညာသင်ကြားသည့် နိုင်ငံများထဲတွင် မလေးရှားနှင့်ထိုင်းနိုင်ငံများဆီသို့ သွားရောက်မှုနှုန်းမှာ အနည်းဆုံးဖြစ်နေကြောင်း စစ်တမ်းအရသိရသည်။

ထိုစစ်တမ်းအပေါ် ပြုစုသူ ဦးအောင်ကျော်ဆန်းက
"ဒါက ယေဘုယျအားဖြင့် ပဏာမဆန်းစစ်မှုအရကို ပြောတာပါ။ နိုင်ငံကြီးတွေပဲ ကိုင်ရပြီး အခုမှမလေးရှားကိုကိုင်တော့ တစ်မျိုးမြင်မှာလည်း စိုးရိမ်မိပါတယ်။ ကျွန်တော် သေသေချာချာလေ့လာတော့ တချို့ကျောင်းတွေရဲ့ လမ်းကြောင်းက အရမ်းကောင်း နေတာ တွေ့ရတယ်။ ငွေကြေးကို အရမ်းမသုံးနိုင်ရင်တော့ ဒီမလေးရှားက မဆိုးဘူး။ ကျွန်တော့်သားသမီးသာဆိုရင် မလေးရှားပို့ပြီးပြီးမှ အခြားဘက်ကို ကူးခိုင်းဖို့ အထိတောင် ဖြစ်ခဲ့ပါတယ်”
ဟု မလေးရှားပညာရေး ဈေးကွက်တက်လာမည့်အမြင်ကို ဆိုသည်။

Source : Popular News
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။