« »

လန်ဒန်မြို့က စာပေဟောပြောပွဲ - ဆရာမ နုနုရည်(အင်းဝ)

လန်ဒန်မြို့ Free Word Centre မှာ အင်္ဂလိပ် ကလောင်ရှင်များ အဖွဲ့၊ Index on Censorship အဖွဲ့နဲ့ လန်ဒန်မြို့ရောက် မြန်မာအနုပညာရှင်များ စုပေါင်းပြီး ၂၀၁၀ခုနှစ် အောက်တိုဘာ (၁၄) ရက်က (၁၇) ရက် အထိ မြန်မာအနုပညာပွဲတော် တစ်ခုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

ဒီပွဲကို မြန်မာပြည်က အဆိုတော် သားစိုး၊ ဂီတပညာရှင်များ ဖြစ်ကြတဲ့ "ဆိုင်း" မြန်မာပြည် ကျောက်စိမ်း၊ ကိုမိုးနိုင် (ဂီတမိတ်)နဲ့ ဒီဇိုင်းပညာရှင် ကိုဇော်ဦး၊ ပါဖေါင်းမင့် အနုပညာရှင် ကိုမိုးစက်တို့နဲ့အတူ စာရေးဆရာမ နုနုရည်(အင်းဝ) လည်း ပါဝင်တင်ဆက်ခဲ့ပါတယ်။

အနုပညာပွဲတော် အပြီး အောက်တိုဘာ ၂၃ ရက်နေ့မှာတော့ လန်ဒန်အခြေစိုက် ကောင်းကင် (နိုင်ငံပြုအနုပညာ) မဂ္ဂဇင်းက လန်ဒန်တက္ကသိုလ် SOAS အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးကျောင်း Khalili lecture theatre မှာ ဆရာမနုနုရည်(အင်းဝ) ရဲ့ စာပေဟောပြောပွဲကို လန်ဒန်မြို့ စာပေဝါသနာရှင်များအတွက် စီစဉ်နိုင်ခဲ့ပါတယ်။

အကြောင်းအမျိုးမျိုးကြောင့် နားမထောင်ဖြစ်လိုက်သောသူများနှင့် ထပ်မံနားဆင်လိုသူများအတွက် ဆရာမ နုနုရည် (အင်းဝ) ဟောပြောချက်ကို စာပေပရိသတ်များအတွက် တင်ဆက်လိုက်ပါတယ်။


(အသံဖမ်း - မအေးနှင်းညို)
ဆရာမ အတ္ထုပ္ပတ္တိ နဲ့ စာပေဖြတ်သန်းမှု အကျဉ်း

ဆရာမ နုနုရည်(အင်းဝ) ကို ၁၉၅၇ မေလ(၁၈)ရက် (စနေနေ့) အင်းဝမြို့မှာ ဦးဘမောင် ဒေါ်တင်ရွှေတို့ရဲ့ အကြီးဆုံးသမီး အဖြစ် မွေးဖွားခဲ့ပါတယ်။ ၁၉၇၉ မှာ မန္တလေး ၀ိဇ္ဇာသိပ္ပံ တက္ကသိုလ်မှ သင်္ချာ ဘာသာနဲ့ သိပ္ပံဘွဲ့ရရှိခဲ့ပါတယ်။

၁၉၈၃-၈၅ မှာ ရန်ကုန်တက္ကသိုလ် စာကြည့်တိုက် ဒီပလိုမာ သင်တန်း တက်ရောက်ခဲ့ပြီး ၁၉၈၄ မတ်လထုတ် ပေဖူးလွှာမဂ္ဂဇင်းမှာ ထဘီလေးတစ်ထည် ဝတ္ထုတိုလေးနဲ့ စာပေလောကထဲကို ဝင်ရောက်လာခဲ့ပါတယ်။

၁၉၈၆ မှာ “တချို့က အဆင်းလှ၊ တချို့က အဆင်းမလှ” “ဘိုကေ တစ်ထောင်မှာ တစ်ယောက်လောက်တော့ စွဲကောင်းပါရဲ့” လုံးချင်း ၀တ္ထုရှည်များ စတင်ထုတ်ဝေခဲ့ပြီး ဝတ္ထုတို၊ ဝတ္ထုရှည် များစွာကို ဆက်လက် ရေးသားလာခဲ့ရာ ၁၉၉၃ မှာ “မြစိမ်းပြာကမာရွတ်” ၀တ္ထုရှည်ဖြင့် “အမျိုးသားစာပေဆု” ရရှိခဲ့ပါတယ်။

ဆရာမရဲ့ “အမှတ်မရှိ လမ်းမရှိ ကီလီဘောတံတား” “သောက်တော့ ဒူးယား၊ ဝတ်တော့ မလေးရှား၊ နေတော့ ခြုံကြား” “မင်းသားသုံးသိန်း၊ မင်းသမီးတစ်သိန်း၊ လူကြမ်းတစ်ရာ” “နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတယောက်” စတဲ့ ဝတ္ထုများမှာ အထူးထင်ရှားပြီး “ပြုံး၍လည်း ကန်တော့ခံတော်မူပါ၊ ရယ်၍လည်း ကန်တော့ခံတော်မူပါ” ဝတ္ထုကို အင်္ဂလိပ်ဘာသာ ပြန်ဆိုခဲ့ပါတယ်။

မလေးရှားနိုင်ငံရှိ မြန်မာ့စီးပွားရေးလုပ်ငန်းရှင်များမှ ဦးစီး၍ ကျင်းပမည့် ပဉ္စမအကြိမ်မြောက် စာပေဟောပြောပွဲအား ၂၀၁၁ခုနှစ် ဒီဇင်ဘာလတွင်ကျင်းပမည်ဖြစ်ပြီး ဆရာမ နုနုရည်(အင်းဝ) တက်ရောက်ဟောပြောမည်ဖြစ်သည်။
စာပေဟောပြောပွဲ အစီအစဉ်အား ဖတ်ရှုရန် (Click)
Source - ကောင်းကင်(စာတည်းအဖွဲ့)
Tags: ,

လမ်းသစ်

လမ်းသစ်ဂျာနယ် အင်တာနက်စာမျက်နှာအား www.lannthit.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပြီး နေ့စဉ်သတင်းစာအား www.burmanews.co.nr ဖြင့်ဝင်ရောက် ဖတ်ရှုနိုင်ပါသည်။